www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 14, 2018

မြို့ ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်း ကြောင်းအဆို လွှတ်တော်သို့တင်သွင်း

မြို့ ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်း ကြောင်းအဆို လွှတ်တော်သို့တင်သွင်း
-
နေပြည်တော် နိုဝင်ဘာ ၁၃ 
-
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည်။
-
အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၃၁-၃-၂ဝ၁၆ ရက် ရှိခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ၁-၄-၂ဝ၁၆ မှ ၃၁-၃-၂ဝ၁၈ အထိ တိုးလာသော ရင်းနှီးမြှုပ်နှံမှုများ နှင့် လုပ်ငန်းကဏ္ဍ အလိုက်ကုမ္ပဏီ၊ လုပ်ငန်း အရေအတွက်၊ ရင်းနှီးပြီး ငွေပမာဏ၊ တည်ဆဲ ဥပဒေ၊ စာချုပ်စည်းကမ်း မလိုက်နာမှု၊ အခွန် ရှောင်တိမ်းမှု များကြောင့် လုပ်ငန်းပိတ်သိမ်း အရေးယူခဲ့ရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီး မြှုပ်နှံလာစေရေး အခွင့်အလမ်း ဖော်ဆောင်ပေးမည့် အစီအမံများကို ရှင်းလင်းချပြနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဦးဆက်အောင်က မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၁၉၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်အထိ ၂၈ နှစ်တာကာလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၁ဝ ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၇၂ ဘီလီယံဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ နှစ်နှစ်တာ ကာလအတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့မှ အပစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ စသည့် လုပ်ငန်းကဏ္ဍ ၁ဝ ခုတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၆ဝ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလီယံဖြစ်ကြောင်း။
-
မြန်မာနိုင်ငံ၌ လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအနက် MIC ပါမစ် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ တည်ဆဲ ဥပဒေ၊ စာချုပ်စည်းကမ်း မလိုက်နာမှု၊ အခွန် ရှောင်တိမ်းမှုများကြောင့် လုပ်ငန်း ပိတ်သိမ်း၍ အရေးယူခဲ့ရမှုများ မရှိခဲ့ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများကို အဆိုပြု တင်ပြလာပါက ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းများ အဖြစ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များကလည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည် ဖြစ် ကြောင်း ရှင်းလင်း ဖြေကြားသည်။
-
ထို့နောက် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ ရန်ကုန်မြို့ အဝင်လမ်းမကြီးများအား လမ်း အဆင့်မြှင့်တင်ရန်၊ လမ်းမီးများ ထွန်းရန်၊ မြေယာရှုခင်းများ ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်မြို့ အဝင် လမ်းမကြီးများအား တိုးချဲ့ ဆောင်ရွက် လျက်ရှိသဖြင့် လိုအပ်သော လမ်း လယ်ကျွန်းများနှင့် တြိဂံကျွန်းများ တည်ဆောက်ခြင်း၊ အရိပ်ရပင်များ စိုက်ပျိုးခြင်း၊ သစ်ပင် ပန်းမန်များ ပုံဖော်ခြင်း၊ လိုအပ်သော နေရာများတွင် လမ်းမီးများနှင့် ဟိုင်းပက်(စ်) မီးတိုင်များ စိုက်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောင်လာမည့် နှစ်များတွင် ယခုထက် ပိုမိုပြည့်စုံသော လမ်းမီးများ နှင့် မြေယာရှုခင်းများ တည်ဆောက်ခြင်းလုပ်ငန်း များအား ဘဏ္ဍာရေး နှစ်များအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
-
ယင်းနောက် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၏ လှည်းကူးမြို့နယ်၌ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူ ပူးပေါင်းအကောင် အထည်ဖော်ရန် ဆောင်ရွက်နေသော Eco Green City စီမံကိန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် က ရသင့်ရထိုက်သည့် အကျိုးအမြတ်ခွဲဝေမှု ရရှိ အောင် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အကျိုးရှိအောင် စီမံကိန်း တစ်ရပ်အဖြစ် ပွင့်လင်းမြင်သာစွာ ချပြဆောင် ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက Eco Green City စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန Website တွင် ဖော်ပြထားပြီး စီမံကိန်းဆိုင်ရာ အသေးစိတ် အချက် အလက်များ၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည့် ကိစ္စရပ်များ၊ ပြည်သူလူထု အတွက် ရရှိမည့် အလုပ်အကိုင် အခွင့်အလမ်းများ စသည်တို့အား ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က စီမံကိန်း ရှင်းလင်းဆောင်တွင် သတင်းနှင့်ပြန်ကြားရေးဌာန မီဒီယာ ၁ဝ ခုတို့ကို ဖိတ်ကြား၍ ရှင်းလင်း ဖြေကြားခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခြင်း များ၊ သတင်းစာနှင့် ဂျာနယ်များတွင်လည်း ရေးသားဖော်ပြခဲ့ပြီး ဖြစ်သဖြင့် စီမံကိန်းဆိုင်ရာ အချက်အလက်များအား အများပြည်သူ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် Alliance Star ကုမ္ပဏီသည် အခြေခံ Conceptual Plan ဆုံးဖြတ်ပြီးသည် ဖြစ်သည့်အတွက် စာချုပ်မူကြမ်းကို ယခုလထဲတွင် အပြီး ရေးဆွဲနေကြောင်း၊ ယခု ဒီဇင်ဘာလဆန်းတွင် ရှေ့နေချုပ်ရုံးအား တင်ပြပြီး ရှေ့နေချုပ်ရုံးမှ MIC ကိုဆက်လက် တင်ပြမည်ဖြစ်ကြောင်း၊ MIC မှခွင့်ပြုချက် ရပြီဆိုပါက ဝန်ကြီးဌာနနှင့် Alliance Star တို့သည် လာမည့် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ် ရေးထိုးနိုင်ပြီး စာချုပ်ကြီး ချုပ်ဆိုနိုင်မည်ဆိုပါက ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
-
ဆက်လက်၍ သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၏ နိုင်ငံတွင် တစ်နေ့တခြား လူဦးရေ ထူထပ် များပြား လာခြင်းကြောင့် နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ် ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်း ကြောင်း အဆို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူရာ လက်ခံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။
-
ယင်းနောက် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက် ၁ဝ ချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း နှင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
-
အိအိပိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger