www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

တောင်သမန်အင်းအတွင်းရှိ အထင်ကရပုံရိပ်တစ်ခုဖြစ်သည့် နှစ်ရှည်သစ်ခြောက်ပင်ကြီး ခါးအလည်မှကျိုးကျ



မန္တလေး ၂-၈-၂ဝ၁၈

တောင်သမန်အင်း အတွင်းရှိ အထင်ကရပုံရိပ် တစ်ခုဖြစ်သည့် နှစ်ရှည်သစ်ခြောက် ပင်ကြီးသည် ယနေ့မွန်းတည့် ၁၂နာရီဝန်းကျင်ခန့်က ခါးအလယ်မှ ကျိုးကျခဲ့ကြောင်း တောင်သမန်အင်း ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းထံမှ သိရသည်။

တောင်သမန် အင်းအတွင်းရှိ သစ်ခြောက်ပင်ကြီးသည် နှစ်ကာလကြာမြင့် လာသည့်အတွက် ဆွေးမြည့်မှုများဖြစ်လာပြီး လေပြင်းတိုက်ခတ်မှု များကြောင့် ကျိုးကျခဲ့ရာ ၎င်းသစ်ခြောက်ပင်ကြီးကို မြစ်ရေနှင့် မျောပါမှုများ မရှိစေရန်အတွက် မူလနေရာတွင် ငုတ်တိုင်ရိုက်၌ ကြိုးဖြင့် ချည်နှောင်ထားကြောင်း သိရသည်။

"မနှစ်ကလဲ သြဂုတ်လအတွင်းမှာ သစ်ခြောက်ပင်ကြီးက ကိုင်းတွေကျိုးကျခဲ့လို့ ဆယ်ယူမှုတွေ ပြုလုပ်ပြီးတော့ မူလနေရာမှာ ပြန်ထားခဲ့ပါတယ်။ ဒီနှစ်မှာ သစ်ခြောက်ပင်ကြီးက အလယ်ကကျိုးကျသွားတော့ အငုတ်လေးပဲ ကျန်တော့ပါတယ်။ နှစ်ပေါင်း ရာကျော်ပြီဖြစ်လို့ ဆွေးမြည့်နေတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

ဧရာဝတီမြစ်ရေသည် တောင်သမန်အင်း အတွင်းသို့ နှစ်စဉ် ဇွန်လအတွင်း ဝင်ရောက်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင် ခုနစ်ပေကျော်မြင့်တက် လျက်ရှိရာ ယခုလနှင့် စက်တင်ဘာလတို့တွင် ဒုဋ္ဌဝတီမြစ်ရေနှင့် ဧရာဝတီမြစ်ရေ မြင့်တက်သည့် အချိန်ကာလ ဖြစ်သည့်အတွက် အင်းအတွင်း မြစ်ရေထပ်မံမြင့်တက် ရန်ရှိကြောင်း သိရသည်။

"သစ်ခြောက်ပင်ကြီး ကျိုးကျသွားတာ တအားနှမြောစရာကြီးပါ။ နှစ်ပေါင်းကလဲ ရှည်တယ်။ ပြီးတော့ ဒီသစ်ခြောက်ပင်ကြီးက တောင်သမန်တံတားကြီးရဲ့ ပုံရိပ်တစ်ခုလဲ ဖြစ်ပါတယ်။ အင်းရဲ့အလှတရားတချို့ ဆုံးရှုံးသွားပြီလို့ ပြောလို့ရပါတယ်"ဟု ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ဆက်လက်ပြောပြသည်။

အဆိုပါတောင်သမန် အင်းအတွင်း ကျိုးကျနေသည့် နှစ်ရှည်သစ်ခြောက်ပင်ကြီးကို ယနေ့တွင် ငှက်လှေအသင်းသားများက စက်လှေများဖြင့် ဆယ်ယူခဲ့ပြီး ရေတက်ချိန်တွင် ပြန်လည်မျောပါ မသွားနိုင်ရန် ယခင်ရှိခဲ့သည့်နေရာတွင် ငုတ်တိုင်များ စနစ်တကျ စိုက်၍ ပြန်လည်ထားရှိခဲ့ကြောင်း သိရသည်။

"တောင်သမန်တံတားကို လာရောက်ကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တော်တော်များများက ဒီသစ်ခြောက်ပင်ကြီးကို စိတ်ဝင်စားကြတယ်။ပြီးတော့ အမှတ်တရဓာတ်ပုံ တွေရိုက်ကြတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုတွေလဲ လာရောက်ရိုက်ကူး ကြပါတယ်။ အခုတော့ ငုတ်တိုင်ပဲကျန်တော့တယ်။ ဒီသစ်ခြောက်ပင်ကြီးက အရင်ကတည်းက အက်ကြောင်းတွေ လိုက်နေတာပါ။ လေကြမ်းကြမ်းတိုက်လိုက်တော့ ခါးအလယ်ကကျိုးကျ သွားတာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger