www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

တောင်းဆိုချက် ၁၁ချက်တွင် သဘောတူညီမှုသုံးချက်သာရ အင်ပါယာတစ်ရှူးစက်ရုံ အလုပ်သမားများက ဆက်လက်တရားစွဲဆိုမည်



မန္တလေး ၁၁-၇-၂ဝ၁၈

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၆၅လမ်း ကုသိုလ်တော်လမ်းရှိ အင်ပါယာတစ်ရှူးစက်ရုံတွင် အလုပ်ရှင် အလုပ်သမား ပြေလည်မှုမရှိ၍ အလုပ်သမားများက တောင်းဆိုချက် ၁၁ချက်ဖြင့် ဇူလိုင်၂ရက်မှ စတင်ဆန္ဒထုတ်ဖော်ခဲ့ရာလက်ရှိအချိန်ထိ သဘောတူညီမှု အချက်သုံးချက်သာရရှိသဖြင့် အလုပ်သမားဘက်က တရားစွဲဆိုမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်ပါယာတစ်ရှူးစက်ရုံ အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့ထံမှ သိရသည်။

သပိတ်မှောက်ရာတွင် အဆိုပါ စက်ရုံမှ အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၄၂ဦး ပါဝင်သပိတ်မှောက် ခဲ့ကြပြီး ၎င်းတို့လိုအပ်သည့် ကျွမ်းကျင်ကြေး ပြန်လည်ရလိုခြင်း၊ EC စာချုပ်ဖောက်ဖျက်မှုကိစ္စ ဖြေရှင်းပေးရေး၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံခြင်းကိစ္စ၊ ညှိနှိုင်းဖျန်ဖြေရေး သဘောတူညီချက်ကို လိုက်နာဆောင်ရွက်မှု မရှိခြင်းကိစ္စ၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်းကိစ္စ၊ OT ကြေး ပြန်လည်ရယူ လိုခြင်းကိစ္စစသည့် အချက်များ အပါအဝင် အချက် ၁၁ချက်ကိုေ တာင်းဆိုခဲ့ကြသည်။

"ဒီနေ့ ကျွန်တော်တို့ အလုပ်သမား ဘက်ကအဖွဲ့ရယ်၊ သက်ဆိုင်ရာဌာနတွေက လူကြီးတွေရယ်၊ အလုပ်ရှင်ဘက်က အဖွဲ့ရယ်တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။ ဒီနေ့မနက် ၁ဝနာရီ မိနစ် ၃ဝကတည်းက တွေ့ဆုံညှိနှိုင်းနေတာ အခု ၄နာရီ မိနစ် ၃ဝထိ အချက် သုံးချက်ပဲ သဘောတူညီမှု ရရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်သမားတွေ ဘက်က တရားစွဲဆိုသွားဖို့ စီစဉ်နေပါပြီ"ဟု အင်ပါယာ တစ်ရှူးစက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးဇင်နိုင်ဝင်းက ပြောပြသည်။

အလုပ်သမားများ အနေဖြင့် တောင်းဆိုချက် ၁၁ချက်နှင့်အတူ ဆန္ဒထုတ်ဖော်ရာတွင် ဇူလိုင် ၂ရက်က စတင်ခဲ့ပြီး ယနေ့ ကိုးရက်မြောက်ထိ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်းနှင့် အလုပ်သမားများဘက်က အမှန်တကယ် လိုအပ်သည့် အချက်များကို လိုက်လျောပေးမှု မရှိသဖြင့် တရားစွဲဆိုမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger