www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 17, 2018

အနိမ့်ရှေးဟောင်းဇုံတွင် စေတီပုထိုးများနှင့် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်



မန္တလေး ၁၇-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၊ အနိမ့်ရှေးဟောင်း ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ဇုန်တွင်ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ထိ ခေတ်အဆက်ဆက် မြန်မာမှု လက်ရာများနှင့် နံရံဆေးရေး ပန်းချီများကို တစ်နေရာတည်း၌ လေ့လာတွေ့ရှိ နိုင်ကြောင်း မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

အနိမ့်ရှေးဟောင်းဇုန်တွင် ပုဂံခေတ်နှောင်းပိုင်း၊ အင်းဝ၊ ညောင်ရမ်း ၊ ကုန်းဘောင်နှင့် ရတနာပုံခေတ်ထိ ခေတ်အဆက်ဆက် မြန်မာ့လက်ရာ စေတီပုထိုးများကို လေ့လာနိုင်သကဲ့သို့ အဆိုပါစေတီပုထိုးများ အတွင်းရေးဆွဲ ခဲ့ကြသည့် ခေတ်အလိုက်နံရံ ဆေးရေးပန်းချီများကိုလည်း ရှေးမူမပျက် လေ့လာတွေ့ရှိနိုင်သည်။

"ဒီဇုန်အတွင်းမှာ ပုဂံခေတ်ကစပြီး ညောင်ရမ်းခေတ်ထိ အဆောက်အအုံတွေ တော်တော်များများ ကျန်ရှိနေပေမယ့် နံရံဆေးရေး ပန်းချီတွေကတော့ ညောင်ရမ်းခေတ်နဲ့ ကုန်းဘောင်ခေတ်မှာ ရေးဆွဲထားတဲ့ လက်ရာတွေပဲ အများဆုံးကျန် တော့တယ်။ အရင်က ဒီနေရာမှာ ချုံနွယ်တွေ ဖုံးအုပ်နေပြီး ထိန်းသိမ်းမှု နည်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ ရှေးဟောင်းသုတေသနက ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ဖော်ထုတ်ပြီး အသိပညာပေးမှုတွေလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေနဲ့ ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက် နေပါတယ်"ဟု မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပြသည်။

အနိမ့်ရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို သိရှိသူနည်းပါးပြီး သမိုင်းဆိုင်ရာ ပညာရှင်များ၊ မြန်မာမှု ပညာရှင်များ၊ နိုင်ငံခြားသားများနှင့် ပြည်တွင်းဧည့်သည်များ လာရောက်လေ့လာ လေ့ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဒေသခံပြည်သူများက ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ အနိမ့်ဒေသရှိ စေတီပုထိုးများကို ၂ဝ၁၂ခုနှစ်တွင် ကာကွယ်ထိန်းသိမ်းရေး ဇုန်အဖြစ်သတ်မှတ်ပြီး ရှေးဟောင်းဥပဒေဆိုင်ရာ ထုတ်ပြန်ချက်များနှင့် လိုက်နာရန် စည်းကမ်းများကို ကြေညာချက်များ ထုတ်ပြန်ထားကာ ၎င်းဇုန်အတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံပေါင်း ၁၂၅ ခုရှိကြောင်း မှတ်တမ်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger