www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

တောင်သူများနှင့် မျိုးစေ့ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့ ပူးပေါင်း၍ စပါးမျိုးသန့်တန်ချိန် ၂၀၀၀ ကျော် ထုတ်လုပ်မည်


ချောင်းဦး ၁၁-၇-၂ဝ၁၈

မျိုးကောင်း၊ မျိုးသန့်များ အသုံးပြုနိုင်စေရန် တောင်သူများနှင့် မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း WHH(ISSD Myanmar) တို့ပူးပေါင်း၍ စပါးမျိုးသန့်တန်ချိန် ၂ဝဝဝ ကျော် စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့နယ် စီမံကိန်းတာဝန်ခံ ဒေါ်သူဇာခင်က ပြောပြ၍ သိရသည်။

မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြင်းမူ၊ ချောင်းဦး၊ မုံရွာမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မတ္တရာ၊ ပုသိမ်ကြီး၊ကျောက်ဆည်မြို့နယ်တို့ရှိ တောင်သူ ဦးရေ၁၈ဝ၊ မျိုးစေ့ထုတ်ကုမ္ပဏီ ခြောက်ခုဖြင့် ၂ဝ၁၇ခုနှစ်မှ ၂ဝ၂ဝပြည့်နှစ်ထိ လေးနှစ်ကြာ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း စပါး၊ ကုလားပဲ၊ ပဲတီစိမ်း၊မတ်ပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းနှင့် နေကြာမျိုးစေ့ စုစုပေါင်း မက်ထရစ်တန်ချိန် ၃၃၇၄ တန် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခုစီမံကိန်းက သီးနှံရှစ်မျိုးကို မက်ထရစ်တန်ချိန် ၃၃ဝဝ ကျော်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မြို့နယ်သုံးမြို့နယ် ကနေ စပါးမျိုးတန် ၂ဝဝဝကျော်ကို မျိုးစိုက်တောင်သူတွေနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ်။ စီမံကိန်း ကနေ ငွေချေးပေးမှာ မဟုတ်ပေမယ့် လိုအပ်တဲ့မျိုးနဲ့ သုံးစွဲရမယ့် သွင်းအားစုတွေ၊ နည်းပညာတွေကို ပံ့ပိုးပေးမှာပါ။ ငွေကြေး လိုအပ်ချက်တွေကို အသေးစားချေးငွေ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးဖို့ စီစဉ်နေပါတယ်။ အခုဆိုရင် မျိုးကောင်း၊ မျိုးသန့်တွေကို ထုတ်လုပ်နိုင်ပြီဖြစ်လို့ ဓာတ်ခွဲစစ်ဆေးမှုတွေ အောင်မြင်ရင် တောင်သူတွေက သူတို့ရဲ့အသင်း တံဆိပ်တွေနဲ့ ရောင်းချနိုင်တော့မှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

တောင်သူများ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုး ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာပြီး ၎င်းတို့၏ လူမှုဘဝပိုမို အဆင်ပြေမြင့်မား လာရေးသည် စီမံကိန်း၏ အဓိကရည်မှန်းချက် ဖြစ်သောကြောင့် ယခုကဲ့သို့ ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger