www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 24, 2018

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူအားလုံးအတွက် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ အခမဲ့ထောက်ပံ့ပေးမည်



မန္တလေး ၂၄-၅-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများ၌ ကျောင်းနေအရွယ် ကလေးများကို ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တစ်စုံ၊ ကျောင်းဝတ်စုံ တစ်စုံနှင့် ဗလာ စာအုပ်တို့ကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီထံမှ သိရသည်။

ယခုပညာသင်နှစ်တွင် အသက် ငါးနှစ်ပြည့်ပြီးသူတိုင်းကို သူငယ်တန်း (KG) တွင်လည်းကောင်း၊ အသက်ခြောက်နှစ် ပြည့်ပြီးသူတိုင်းကို ပထမတန်း (Grade-1) တွင်လည်းကောင်း ကျောင်းနေအရွယ် အားလုံးကျောင်းအပ်နှံရေး အတွက် မိဘများက ကျောင်းအုပ်၊ ဆရာ၊ဆရာမများနှင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပြီး ယခုပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ကျောင်းသား၊ကျောင်းသူအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံ၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံတစ်စုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီတို့ကို အခမဲ့ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရသည်။

"မိဘတွေအနေနဲ့ ကျောင်းအပ် နှံရမယ့်အရွယ် မိမိတို့သားသမီးတွေကို ကျောင်းအပြည့်အဝ အပ်နှံပေးဖို့ တာဝန်ရှိသလို ဆရာ၊ဆရာမတွေကလဲ ကိုယ့်ကျောင်းကို ရောက်လာတဲ့ကလေးတွေ အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုဖို့ တာဝန်ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ် ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ် ကလေးတိုင်းကျောင်း သို့ရောက်ရှိစေရေး မိဘများသာမက ဆရာ၊ဆရာမများနှင့် ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"ကျောင်းအပ်နှံရေးအတွက် မိဘတွေ ကျောင်းအုပ်နဲ့ ဆရာ၊ဆရာမတွေ သိရှိလိုက်နာရမယ့် စည်းကမ်းချက် တွေကိုလဲ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လာရောက်အပ်နှံတဲ့ ကလေးတွေအနေနဲ့ မွေးစာရင်း မပြနိုင်လို့ ကျောင်းအပ်လက် မခံနိုင်ဘူးဆိုတာ မဖြစ်စေရပါဘူး။ သက်ဆိုင်ရာ ကျောင်းအုပ်က မိဘက ပြောတဲ့ မွေးသက္ကရာဇ်နဲ့ပဲ အထောက်အထား အချက်အလက်တွေယူပြီး အဆင်ပြေအောင် လက်ခံပေးဖို့ ညွှန်ကြားထားပါတယ်။ ဒါ့ပြင် ကျောင်းလာအပ်တဲ့ ကလေးက ငါးနှစ်ပြည့်ဖို့ တစ်လလိုရင် သက်ဆိုင်ရာ ကျောင်းအုပ်၊ နှစ်လလိုရင် မြို့နယ်ပညာရေးမှူးနဲ့ သုံးလလိုရင် တိုင်းဒေသကြီး ပညာရေးမှူးတို့ရဲ့ ထောက်ခံချက်နဲ့ ကျောင်းအပ် လက်ခံနိုင်ပါတယ်"ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးညွန့်မောင်က ပြောပြသည်။

ထို့ပြင် ကမ္ဘာ့ဘဏ် အစီအစဉ်ဖြင့် အခြေခံပညာ ကျောင်းများကို ကျောင်းအဆင့်အလိုက် ကျောင်းထောက်ပံ့ ကြေးငွေများကိုလည်း ဇွန်လဆန်းတွင် ယမန်နှစ် နှုန်းထားများအတိုင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ဇန်နဝါရီလတွင် အခြေခံပညာ ကျောင်းများရှိ ကျောင်းအုပ်များနှင့် သင်ကြားရေး တာဝန်ထမ်းဆောင် နေကြသည့် ဆရာ၊ ဆရာမများအတွက် လုံချည်တစ်ထည်စီနှင့် အင်္ကျီတစ်ထည်စီ အတွက် ငွေကျပ် ၅ဝဝဝ နှုန်းကို ပညာရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger