www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 24, 2018

စက်သုံးဆီဈေးနှုန်း များအပြင် အခြားစရိတ်များပါ မြင့်တက်လာ၍ မန္တလေးဆိပ်ကမ်းမှ ပြေးဆွဲနေသော ရေယာဉ်အချို့ ခေတ္တရပ်နားထား



မန္တလေး ၂၄-၅-၂ဝ၁၈

စက်သုံးဆီ ဈေးနှုန်းများ အပြင်အခြား စရိတ်များပါ မြင့်တက်လာ၍ မန္တလေးဆိပ်ကမ်းမှ ပြေးဆွဲနေသော ရေယာဉ်အချို့ ခေတ္တရပ်နား ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိကရေယာဉ်များ ကြီးကြပ်ရေး ကော်မတီရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် ခရီးသည်ရှားပါးမှု၊ အလုပ်သမားစရိတ်များ၊ တန်ဆာခများ မှာလည်း ပြန်လည်ရရှိသည့် စရိတ်များနှင့် ကိုက်ညီမှုမရှိသောကြောင့် မန္တလေး ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မန္တလေး၊ မင်းကွန်း၊ ကသာ၊ ဗန်းမော်စသည့် လမ်းကြောင်းများ အပါအဝင် ချင်းတွင်းမြစ်ဘက်သို့ ပြေးဆွဲနေသော ရေယာဉ်အချို့ ခေတ္တရပ်နားထားကြောင်း သိရသည်။

"အခုရာသီကလဲ ခရီးသည်အပြင် ကုန်စည်ပါ ရှားပါးတဲ့ကာလ ဖြစ်နေတော့ မြစ်အတွင်း ရေယာဉ်တွေ အလုပ်မဖြစ် ကြတော့ပါဘူး။ အခု စက်သုံးဆီဈေးကပါ ထပ်တက်လာတော့ လက်ရှိပြေးဆွဲနေတဲ့ရေ ယာဉ်တွေကလဲ အရှုံးပေါ်နိုင်တဲ့အတွက် ခရီးသည်နဲ့ ကုန်စည် အခြေအနေ တွေကိုပါ စောင့်ကြည့် နေပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အလားတူ ယခင်က မန္တလေးမြို့မှ ဗန်းမော်၊ ကသာ စသည့်ခရီး စဉ်များကို သင်္ဘောများဖြင့် သွားလာမှုများပြား ခဲ့သော်လည်း လက်ရှိတွင် ယာဉ်လိုင်းများဖြင့် ပြေးဆွဲလာမှုကြောင့် သင်္ဘောများဖြင့် ခရီးသွားများ လျော့ကျ လာခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်း မန္တလေးဆိပ်ကမ်းမှ ပုဂံ၊ မင်းကွန်း၊ ဗန်းမော်စသည့် မြို့များသို့ ပြေးဆွဲပေးနေသည့် ရေယာဉ်အစီးရေ ၂ဝဝ ကျော်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၂ဝကျော်ခန့်မှာ ခရီးသည်များအပြင် ကုန်စည်များပါတင်ပို့သွားလာနေကြောင်း၊ ခရီးတိုအနေဖြင့် မန္တလေး-မင်းကွန်းခရီးစဉ်ကို တစ်ရက်လျှင် ပြည်ပခရီးသွားဦးရေ ၁ဝဝ ကျော်အား လိုက်ပါပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger