www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 7, 2018

မိတ်ကောင်းဆွေကောင်း



ဆောင်းပါး ၇-၅-၂ဝ၁၈

''ကိုယ်တစ်ဦးတည်း လုပ်ဆောင်လျှင် အနည်းငယ်မျှသော အလုပ်ကိုသာ ပြီးနိုင်ပါသည်။ သို့ရာတွင်စုပေါင်း ညီညာအများပါဝင် ပူးပေါင်းဆောင်ရွက် လိုက်ကြလျှင် ကြီးမားခမ်းနားသော အောင်မြင်မှုများကို ရရှိပါသည်။''

ဟယ်လင်ကဲလား (မျက်မမြင်စိတ်ဓာတ်ရေး မြှင့်တင်ဟောပြောသူနှင့် စာရေးသူ)

ဆရာ့ဆရာများရေးသား ဟောကြားခဲ့သမျှ မှတ်သားရဖူးပါသည်။ အခါတစ်ပါးမှာ အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ ဟောကြားသင်ပြသော တရားတော်၏ အကျိုးများကြောင့် သူ၏အသိအမြင် အမူအကျင့်များ တိုးတက်ပြောင်းလဲ ကောင်းမှု၌ မြဲလာသဖြင့် ကျေးဇူးတင်လွန်း လှသည်။ နှုတ်မှထုတ်ဖော် လျှောက်တင်လေသည်။ ချီးကျူးသည့် သဘောပင်။ 

"အရှင်ဘုရား ဆရာသမားကောင်း၊ မိတ်ဆွေ ခင်ပွန်းကောင်းကို ပေါင်းဖော်မှီဝဲရခြင်း၏ အကျိုးတရားကား အလွန်တရာကြီးမား လှပါပေသည်။ကောင်းမွန်သော ဆရာသမား၊ ကောင်းမွန်သော မိတ်ဆွေတို့နှင့် ဆုံစည်းရခြင်းသည် ရည်မှန်းချက်လုပ်ငန်းစဉ် အောင်မြင်ခြင်းအတွက် ခရီးတစ်ဝက်ပြီးမြောက် ခြင်းနှင့်တူပေ တော့သည်။ ဤသို့ဆိုလျှင် မှန်ကန်ပါသလား ဘုရား။"

"မဟုတ်သေးဘူး အာနန္ဒာ။"တပည့်တော် ဆိုလိုသည်မှာ အလုပ်၏  ၅ဝ ရာခိုင်နှုန်းပြီးမြောက် သလောက် အထောက်အကူ ဖြစ်သည်ဟု ဆိုခြင်းပါဘုရား။"

"မမှန်သေး။" "ရည်မှန်းချက်ထက်ဝက် အောင်မြင်ပြီးစီး သကဲ့သို့ အလားတူသည်ဟု ထင်ပါသည်ဘုရား။" သုံးကြိမ်လုံးဘုရားရှင်က ငြင်းပယ် ဖယ်ရှားတော်မူသည်။"ညီတော်အာနန္ဒာ၊ ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်း များနှင့် ပေါင်းဖော်ယှဉ်တွဲ အမှီသဟဲပြုရခြင်းသည် မိမိကြံစည် အောင်မြင်လိုသော လုပ်ငန်းစဉ်၏ ၁ဝဝ ရာခိုင်နှုန်းဖြစ်သော ခရီးအဆုံးသို့ ရောက်ရှိပြီးစီးခြင်းနှင့် အလားသဏ္ဍာန် တူပေသည်။ ကောင်းသောဆရာ၊ ကောင်းသော အပေါင်းအဖော်ဟူသည် အောင်မြင်မှုအတွက် ရာနှုန်းပြည့် ၁ဝဝ ရာခိုင်နှုန်း အထောက်အပံ့ဖြစ်စေသော စွမ်းအားရှိကြပေသည်ဟု မှတ်ယူပါလော့။" မင်္ဂလာတရားတော်ဟူသော မကောင်းမှုကို ပယ်ဖျောက်၊ အောင်မြင်ပြီးမြောက်၊ ကျက်သရေအဖြာဖြာ ရောက်ရှိစေမည့် ၃၈ဖြာသော အချက်များကို ဟောကြားရာတွင် "မိတ်ဆွေ၊ ဆရာ၊ အရေးအကြီးဆုံး၊ အခြေခံအကျဆုံး၊ ပထမဦးဆုံးအဖြစ် အဓိကထားကာ ညွှန်ကြားပါ၏။ လူမိုက်တွေကို ရှောင်သွေလွှဲလို့၊
မမှီဝဲနှင့်ကင်းအောင်နေ။ ပညာရှိကို အစဉ်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူလေဟု မိန့်ကြားခဲ့ပါ၏။ အားလုံးသိပြီးသား မင်္ဂလသုတ်ပါ။

ဒီဃဇာဏုသုတ်လာ သမ္ပဒါတရားလေးပါးတွင် ကလျာဏမိတ္တသမ္ပဒါ၊ မိတ်ကောင်းဆွေကောင်း ပြည့်စုံအောင်ရှာဖွေ ပေါင်းသင်းပါဟု မိန့်ကြားဖူးပါသေး၏။ စက်လေးပါး တရားတော်တွင်လည်း သပ္ပုရိသ ဥပနိဿယစက်။ ဆရာကောင်း၊ သမားကောင်း၊ ရဲဘော်ရဲဘက်၊ အပေါင်းအသင်းကောင်းများ ရှိနေအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဟောကြား တော်မူပြန်ပါ၏။

ကောင်းမွန်သောဆရာ၊ ကောင်းမွန်သော မိတ်ဆွေ၊ ကောင်းမွန်သောလူမှု ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းသည် လူတစ်ဦးအတွက် အလွန်အရေးကြီးသော အဓိကအချက် ဖြစ်ကြောင်း မြတ်စွာဘုရား၏ တရားဓမ္မများတွင် တွေ့ရှိ နာကြားကြရပါ၏။ မှတ်သားကျင့်သုံး ရမည်ဖြစ်ပါ၏။ အခိုင်အမာအကြိမ်ကြိမ် ဟောကြားတော်မူသဖြင့် မည်မျှလေးနက် မည်နည်း ချင့်ချိန်တိုင်းဆ တွေးဆကြည့်ကြ ပါကုန်လော့။ စာရေးသူ၏ ကိုယ်တွေ့ဘဝမှ တစ်ချက်နှစ်ချက်
နမူနာဖော်ပြကာ တင်ပြပါရစေ။ လွန်ခဲ့သော နှစ် ၂ဝခန့်က ကျွန်တော်သည် စာပေနယ်မှ စာရေးဆရာအချို့နှင့် ဟောပြောပွဲများ အတူသွားကြရင်း ခင်မင်ရင်းနှီးခဲ့ကြသည်။ ဆရာဦးသိန်းလွင်(အင်္ဂလိပ်စာ)၊ ဒေါက်တာခင်မောင်ညို၊
ဆရာကောင်းသန့်၊ ဆရာမိုး (Follow Me) စသည့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မိတ်ကောင်းဆွေကောင်းများ ဖြစ်ကြသည့်အလျောက် ကျွန်တော့်ဘဝကို ကြီးမားသော အထောက်အပံ့ အကူအညီများ အကြောင်းအားလျော်စွာ ပေးခဲ့ကြ ဖူးပါသည်။ မရေမတွက်နိုင်ပါ။ နမူနာ တစ်ခုအဖြစ် ဒေါက်တာခင်မောင်ညို၏ စေတနာကို ပြောပြလိုပါသည်။ တစ်ခါသော် စာပေ ဟောပြောပွဲတစ်ခု အတူသွားကြစဉ် လှေကလေးတစ်စင်း ပေါ်မှာသူက မေးပါသည်-

"ဗိုလ်မှူးကြီး အိုးပိုင်အိမ်ပိုင်ရှိပြီလား။"

ကျွန်တော်က ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းဖြစ်သဖြင့် ပြည်လမ်း၊ ပြည်ထောင်စုရိပ်သာရှိ တိုက်ခန်းမှာ နေထိုင်ပါသည်။ ကိုယ်ပိုင်အိမ်ရာမရှိပါ။ ထို့ကြောင့် အမှန်အတိုင်းသာ ဖြေလိုက်ပါသည်-
"မရှိပါဘူး။"
"ကိုယ်ပိုင်အိမ်မရှိဘူးလား။"
"မရှိဘူး။"
"ကိုယ်ပိုင်အခန်းရောမရှိဘူးလား။"
မိမိမဝယ်နိုင်သဖြင့်-
"မရှိဘူး"ဟုသာ ဖြေရပါ၏။

"မြေကွက်ကောရှိသလား။"

ဝန်ထမ်းများကို မြေကွက်လျှောက်ထား ခွင့်ပေးပြီး မဲချပေးသဖြင့် သာကေတမြို့နယ် အစွန်အဖျားရှိ လယ်ကွက်ထဲ အကွက်ချလျာထားသော မြေတစ်ကွက်တော့ ရဖူး၏။ သံဆူးကြိုး လေးခတ်ထား၏။
"ရှိတယ်ဆရာကြီး။"
"အိမ်မဆောက်ဘူးလား။"
"အိမ်မဆောက်နိုင်သေးပါဘူး။"
"စ ဆောက်နိုင်အောင်ကြိုးစားပါ။ ပင်စင်မယူခင် နေစရာလေးတစ်ခုရှိဖို့ အရေးကြီးတယ်။"

ဆရာဒေါက်တာ ခင်မောင်ညိုက အသက်အားဖြင့် မိမိထက် လေး၊ ငါး၊ ခြောက်နှစ်ခန့် ကြီးပုံရပါသည်။ မိမိထက် အတွေ့အကြုံလည်း များပါသည်။ မိမိနှင့် ရင်းနှီးခင်မင်သဖြင့် ပွင့်ပွင့်လင်းလင်း အကြံပေးပါသည်။ တွေ့ဆုံကြသော စကားဝိုင်း၊ စားသောက်ဝိုင်းများ တွင်လည်း စကားစပ်မိလျှင် မိမိကိုအိမ်ဆောက် သင့်ကြောင်း ပြောလေ့ရှိခဲ့ပါ၏။ ပင်စင်ယူဖို့ရာက ဆယ်နှစ်ခန့် လိုသေးသဖြင့် ခပ်အေးအေးပါပဲ။ ဤသို့ဖြင့် နေလာရာမှ ပြည်လမ်း ပြည်ထောင်စု
ရိပ်သာအိမ်ခန်းမှ ဗဟန်းဝန်ထမ်း အိမ်ရာဝင်းထဲသို့ ပြောင်းရပါသည်။ ကိုယ်ပိုင်အိမ် အတည်တကျရှိမှ ကောင်းမည်ကို သဘောပေါက် လာပါသည်။ "ဗိုလ်မှူးကြီး အိုးပိုင်အိမ်ပိုင်ရှိပြီလား။"
"မရှိသေးဘူး။"
"မြေရှိတယ်မဟုတ်လား။"
"မြို့ပြင်မှာ မိသားစုကမကြိုက်လှဘူး။"
"အငြိမ်းစားယူဖို့ ဘယ်လောက်လိုသေးလဲ။"
"ငါးနှစ်"
"ဟာ...ငါးနှစ်ဆိုတာ ခဏလေးပဲ။ အဲဒီပင်စင် ယူခါနီး ငါးနှစ်ဆိုတာ ကုန်လွန်တာ အင်မတန် မြန်ဆန်လှတယ်။ ဗိုလ်မှူးကြီး အခုဆောက်မှ ပင်စင်ယူတဲ့ အချိန်နေစရာရှိမယ်။ အိမ်တစ်လုံးဖြစ်အောင် ဆောက်တော့။"

"ကျွန်တော့်မှာ အိမ်တစ်လုံးစာပိုက်ဆံက လုံလုံလောက်လောက် မရှိသေးဘူး။ နည်းနည်းပါးပါး...။" "နည်းနည်းပါးပါးက ဘယ်လောက်ဖြစ်ဖြစ်။ ကျင်းတူး၊ အုတ်မြစ်ချ၊ စလို့ရတာနဲ့စပြီး ဆောက်သွားပါ။ ညွှန်ချုပ်ဘဝနဲ့ မဆောက်ရင် ဗိုလ်မှူးကြီး အငြိမ်းစားဘဝမှာ တအားပင်ပန်း သွားလိမ့်မယ်။" "ဟုတ်လား။" ကျွန်တော်ကထပ်မေး မိလေသည်။ "ကျွန်တော့်ဆရာတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ တက္ကသိုလ်ပါမောက္ခ၊ ကထိကဘဝက အစိုးရပေးတဲ့ တိုက်ကြီး၊ ကားကြီးတွေနဲ့ ဟန်ကျပန်ကျ နေရင်းက ပင်စင်လည်း ယူရပြီဆိုရော နေရေး၊ ထိုင်ရေး ဒုက္ခရောက်ကြရတာပဲ။ ကြိုတင်မြော်တွေး ပြင်ဆင်ထားတဲ့လူ တစ်ဦး၊ နှစ်ဦးပဲ ဣနြေ္ဒမပျက် နေနိုင်ကြတယ်။ အများစုဟာ ကျွမ်းပြန်ပြီး ထိုးဆင်းသွားကြ ရှာတာပဲ။ ဗိုလ်မှူးကြီး အိမ်လေးကို အမြန်ဆုံးဆောက်နော်။"

သူ၏ကိုယ်တွေ့ လုပ်ဖော်ကိုင်ဖက်များ၏ အဖြစ်အပျက်သာဓကများကို ထင်ရှားအောင် ပြောပြပြီး သတိပေးသည်။ ကျွန်တော်လည်း ဆရာကြီးဒေါက်တာ ခင်မောင်ညိုက အခါခါသတိပေး တိုက်တွန်းသဖြင့် လုံးချင်းစာအုပ်များ တစ်နှစ်တစ်နှစ် ဆယ်အုပ်ကိုးအုပ် အဆက်မပြတ်ရေး။ ပရိသတ်ကလည်း အားပေးကြသဖြင့် ထွက်သမျှအကုန် ကုန်။ ရောင်းရ၏။ ဆရာကောင်းသန့်၊ ဆရာဦးသိန်းလွင်တို့ ပုံနှိပ်စက်များဖြင့် မနားတမ်းပုံနှိပ် ထုတ်ဝေရေးကို ဖိဖိစီးစီးဝိုင်းဝန်း ကူညီကြ။ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှ၏။ 

ရေးခ၊ ထုတ်ခ၊ ဖြန့်ခ၊ ဝင်ငွေထိထိရောက်ရောက် ရှိနေသော ဆယ်နှစ်ခန့် အချိန်ကာလအတွင်း လက်ရှိနေထိုင်သော နှစ်ထပ်တိုက်တစ်လုံးကို သုံးနှစ်မျှ အချိန်ယူဆောက်ရင်း ပြီးစီးသွားပါတော့သည်။ ပင်စင်ယူရတော့ မိမိမှာ မပူပင်ရ။ နေစရာရှိနေပေပြီ။ ရောင်းရသမျှ စာအုပ်များသည် အုတ်ခဲ၊ ဘိလပ်မြေ၊ သစ်များဖြစ်လာလေ၏။ လွန်ခဲ့သော နှစ် ၂ဝ ကျော်က ပေ (၈ဝ x၁ဝဝ) မြေကွက်၏ တန်ဖိုးသည် ပတ်ဝန်းကျင်မှာ ရေ၊ မီး၊ လမ်း အစစအရာရာ
တိုးတက် ကောင်းမွန်ခဲ့သဖြင့် ယခုအခါ အဆများစွာ တိုးတက်ခဲ့ပါပြီ။ တိုက်အိမ်ကလေးသည်လည်း ဆောက်ခဲ့စဉ်ကထက် အဆများစွာ ကြေးတန်ခဲ့ပေပြီ။ အလွန်တရာ ကံကောင်းခဲ့ပါသည်။ မှန်သည့်အတိုင်း ဝန်ခံပါမည်။

စစ်သားဘဝ ၂၆နှစ်၊ ဝန်ထမ်းဘဝ ၁၁နှစ်၊ အစိုးရလခစား ၃၇ နှစ်လုပ်ခဲ့စဉ်က များများစားစား မစုဆောင်းနိုင်ခဲ့ပါ။ စာရေးဆရာဘဝ စာအုပ်ပေါင်း ၁၁၇အုပ်ရေးသား။ (ကိုယ်တိုင်)ထုတ်ဝေ၊ (ကိုယ်တိုင်) ဖြန့်ချိ၊ ဝါသနာပါရာ ဒုတိယ အသက်မွေးပညာနှင့် အိမ်တစ်လုံး ဆောက်နိုင်ခဲ့ရာမှ ငွေကြေးသိန်းထောင်နဲ့ ချီတန်နေသော အိမ်မှာ နေထိုင်နိုင်ပါ၏။ မိမိတော်၍ကား မဟုတ်ခဲ့ပေ။ မိမိစာကို နှစ်သက်အားပေး ဖတ်ရှုကြသော စာဖတ်ပရိသတ်၊စာပေမြတ်နိုးတတ်သူ များအပါအဝင် ဆရာကြီး ဒေါက်တာခင်မောင်ညို၊ ဆရာ ဦးသိန်းလွင်၊ ဆရာကောင်းသန့်၊ ဆရာမိုး(Follow Me) စသည့် အကျိုးကြီးမားအောင် ကူညီပေးခဲ့ကြသည့် မိတ်ကောင်း ဆွေကောင်း ကလျာဏ မိတ္တအပေါင်း၏ ကျေးဇူးတရား
ကြီးမားပုံကို ကိုယ်တွေ့ကြုံခဲ့ ရပါသည်။ ဘိလပ်မြေ၊ အုတ်၊ သံချောင်း၊ သစ် စသည်များ အိမ်တစ်လုံးစာဝယ် ခွင့်ရရန် ထိုစဉ်ကစီမံခွင့်ပြု ပေးခဲ့ကြသော ကျေးဇူးရှင် ဆရာသမားအကြီးအကဲများ၏ ကျေးဇူးဂုဏ်ကိုလဲဦးညွတ်ပူဇော်ပါ၏။ (သပ္ပုရိသဥပနိဿယစက်ဟု ဆိုရပါမည်)။  သစ္စာရှိစွာ အသက်စွန့်လှူ၍ နိုင်ငံနှင့်လူမျိုးအတွက် ကျရာနေရာမှာ ထမ်းရွက်ခဲ့သောကြောင့် ကြည့်ရှုစောင့်ရှောက်ကြပါ၏။ ကျွန်တော့်ကို ချစ်ကြ၏။ အကုန်အကျ မကြီးမားလှဘဲ အိမ်တစ်လုံးကို ဆောက်ပြီးသွားခဲ့သည်။ ကလျာဏမိတ္တ သမ္ပဒါဟူသော အချက် အရေးကြီးပုံကား ထင်ရှားလှသည်။ ကျွန်တော် အငြိမ်းစားဝန်ထမ်း ဟောင်းဘဝ ဆယ်နှစ်ခန့် ဖြတ်သန်းခဲ့သည်။ မဆင်းရဲလှပါ။ မချမ်းသာသော်လည်း ဤသို့စာပေတာဝန် ထမ်းဆောင်ရင်း ကျန်းကျန်းမာမာနှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ခြင်းမှာ ဆရာကောင်းများ၊ မိတ်ဆွေကောင်းများ၏ ကျေးဇူးတရားများပင် မဟုတ်ပါလားခင်ဗျာ။

ချစ်နိုင် (စိတ်ပညာ)

ရတနာပုံနေ့စဉ်သတင်းစာ စာ (၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger