www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 10, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်က သစ်တင်ယာဉ်ကို ဝင်တိုက်မိရာ နှစ်ဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ



အုတ်တွင်း ၁၀-၄-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်က သစ်များတင်ဆောင် လာသည့်ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ယာဉ်အကူ တစ်ဦးသေဆုံးကာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗောဓိကုန်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၂၃/၆) နှင့် (၁၂၃/၇) ကြားတွင် ယနေ့နံနက် ၁ နာရီ မိနစ်၃ဝခန့်က ဝေယံထက် မောင်းနှင်လာသည့် ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် သစ်များတင်ဆောင်လာသော FUSO ဖြူ၊ စိမ်းကျားရောင် ၁၂ ဘီးယာဉ် နောက်ပိုင်းကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်မိမှုကြောင့် ခရီးသည်တင် ယာဉ်တွင် လိုက်ပါလာခဲ့သော သံဃာတော် ဘဒ္ဒန္တဝေပုလ္လသည် လည်ပင်းပေါက်ပြဲ ဒဏ်ရာဖြင့် အချင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ကာ ယာဉ်နောက်လိုက် မောင်ရဲရင့်တွင် ဝမ်းဗိုက်နှင့် ရင်ဘတ် ဖူးရောင်ညိုမည်း ဒဏ်ရာ၊ မျက်နှာ ပေါက်ပြဲဒဏ်ရာ တို့ဖြင့်အချင်း ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးလေးဦး တို့သည် (မစိုးရိမ်ရ)ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

သစ်များတင်ဆောင် လာသည့် ယာဉ်မောင်း (စုံစမ်းဆဲ) သည် ထွက်ပြေး တိမ်းရှောင်နေပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ ယာဉ်ပေါ်ရှိ ပိတောက် သစ်ခွဲသားများနှင့် ပတ်သက်၍ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနက စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သစ်တင်ယာဉ်မောင်း (စုံစမ်းဆဲ)၊ ခရီးသည်တင် ယာဉ်မောင်း ဝေယံထက်တို့ကို ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၁၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃ဝ၄(က)၊၃၃၈/၃၃၇/၂ဝ၂ဖြင့်  အမှုဖွင့်ထားပြီး တိမ်းရှောင်နေသော ယာဉ်မောင်း (စုံစမ်းဆဲ)ကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger