www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 11, 2018

ဝေးလံခေါင်းပါးဒေသများရှိ ဆေးရုံများတွင် တပ်မတော်မှ ပါရဂူများနှင့်ဆေးမှူးများ တာဝန်လဲလှယ် ထမ်းဆောင်


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး ဝေးလံခေါင်းပါးသောဒေသများတွင် ဆေးကုသရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များအား လေဆိပ်တွင်ကြိုဆို 
နှုတ်ဆက်စဉ်။

ဝေးလံခေါင်းပါးသောဒေသများတွင် ဆေးကုသရေးတာဝန်များ ထမ်းဆောင်မည့် တပ်မတော်သား ဆရာဝန်များထွက်ခွာစဉ်။

ဝေးလံခေါင်းပါးသော ဒေသများမှ ဒေသခံပြည်သူများအား တပ်မတော်သားဆရာဝန်များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၁-၄-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့သည် ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများဖြစ်ကာ ဒေသခံတို့၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု မှာလည်း နောက်ကျသည့် ဒေသ တစ်ခုဖြစ်သည်။ သို့ဖြစ်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန် အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် သွားရောက်တာဝန် ထမ်းဆောင်ရန် မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုခဲ့သည့် တပ်မတော်သား ဆရာဝန် ၄၄ ဦးတို့သည် ၎င်းဒေသများရှိ ဆေးရုံပေါင်း ၂၂ ရုံတွင် ၂၀၁၆ ခုနှစ်၊ မတ်လမှ စတင်၍ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ တပ်မတော်သားဆရာဝန်များ စတင်ရောက်ရှိတာဝန် ထမ်းဆောင် ချိန်မှစ၍ ၂၀၁၈ ခုနှစ်၊ မတ် ၃၁ ရက်အထိ ဆေးကုသမှုဆိုင်ရာရောဂါ ၁၀၇၇၆၄ ဦး၊ ခွဲစိတ်ရောဂါ ၃၇၆၈၁ ဦး၊ ကလေးရောဂါ ၂၉၂၈၅ ဦး၊ သားဖွား မီးယပ်ရောဂါ ၈၆၅၄ ဦး၊ အရိုးရောဂါ ၃၁၂၉ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၆၈၈ ဦး၊ မျက်စိရောဂါ ၂၄၇၀ ဦး၊ သွားရောဂါ ၁၇၈၂ ဦးနှင့် အထွေထွေရောဂါ ၄၉၈၂ ဦး၊ စုစုပေါင်း ၁၉၇၄၃၅ ဦးအား ကုသပေးနိုင်ခဲ့ပါသည်။ ၎င်းအဖွဲ့သည် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့သည့်အပြင် အားလပ်ချိန်များ၌ ဒေသခံအခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ပညာသင်ကြားပေးခြင်းများနှင့် လူမှုရေးဆိုင်ရာများကူညီ ဆောင်ရွက်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သည်။

ယခုအခါ ၎င်းအဖွဲ့နှင့် တာဝန်လဲလှယ်ထမ်းဆောင်ရန်အတွက် ဒုတိယအဖွဲ့ဖြစ်သည့် တပ်မတော်မှ ဆေးဝါးဗေဒပါရဂူ ၁ ဦး၊ ပြည်သူ့ကျန်းမာရေးပါရဂူ ၃ ဦး၊ ခွဲစိတ်ပါရဂူ ၁ ဦး၊ မေ့ဆေးပါရဂူ ၁ ဦးနှင့် ဆေးမှူး ၃၆ ဦး စုစုပေါင်းတပ်မတော်သား ဆရာဝန် ၄၂ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါတပ်မတော်သား ဆရာဝန်များပါဝင်သော ဒုတိယအဖွဲ့သည် နေ့လယ်ပိုင်း တွင် မုံရွာလေဆိပ်သို့ ရောက်ရှိရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြပြီး တာဝန် ထမ်းဆောင်မည့်ဒေသများသို့ တပ်မတော်ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

၎င်းဒုတိယအဖွဲ့သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ရိဒ်တိုက်နယ်ဆေးရုံ၊ ယမ်းကြုံးတိုက်နယ်ဆေးရုံ၊ ၀မ္မသူး တိုက်နယ်ဆေးရုံ၊ ရေဇွာတိုက်နယ်ဆေးရုံ၊ မှောင်တလန်တိုက်နယ်ဆေးရုံ၊ ကောင်းဟိန် တိုက်နယ်ဆေးရုံ၊ လေရှီးမြို့နယ်ဆေးရုံ၊ နန်းယွန်းမြို့နယ်ဆေးရုံ၊ ဒုံဟီးတိုက်နယ်ဆေးရုံ၊ ဆွမ္မရာတိုက်နယ်ဆေးရုံ၊ ဆူးရ်ခွားတိုက်နယ်ဆေးရုံ၊ မိုဘိုင်လွတ်တိုက်နယ်ဆေးရုံ၊ မတူပီမြို့နယ်ဆေးရုံ၊ ကျီးခါးတိုက်နယ်ဆေးရုံ၊ လဟယ်မြို့နယ်ဆေးရုံ၊ လိုင်လင်းပီ တိုက်နယ် ဆေးရုံ၊ လုံလဲတိုက်နယ်ဆေးရုံ၊ တွန်းဇံမြို့နယ်ဆေးရုံ၊ ထန်တလန်မြို့နယ်ဆေးရုံ၊ ထန်ပါခေ တိုက်နယ်ဆေးရုံ၊ ပန်ဆောင်တိုက်နယ် ဆေးရုံနှင့်ပန်ဆပ်တိုက်နယ် ဆေးရုံစသည့် ဆေးရုံ ပေါင်း ၂၂ ရုံ၌ ထပ်မံတာဝန်ထမ်းဆောင် သွားမည်ဖြစ်သည်။

ထို့သို့ဝေးလံခေါင်းပါးသောဒေသများတွင် ဆေးကုသရေးတာဝန်များထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များသည် ယခုရောက်ရှိလာသော ဒုတိယအဖွဲ့နှင့်တာဝန် လဲလှယ်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး နှင့်အဖွဲ့ဝင်များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger