www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 26, 2018

သီလဝါဆိပ်ကမ်း၌ အထွေထွေကုန်စည် သင်္ဘောနှင့် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက် Wilmar Jetty ဖွင့်လှစ်


အထွေထွေကုန်စည် သင်္ဘောနှင့် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက် Wilmar Jetty ကိုတွေ့ရစဉ်။

ရန်ကုန် ၂၆-၃-၂ဝ၁၈

သီလဝါအထူး စီးပွားရေးဇုန်ရှိ သီလဝါဆိပ်ကမ်း၌ အထွေထွေကုန်စည် သင်္ဘောနှင့် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက်  Wilmar Jetty ကို ယနေ့နံနက် ၉ နာရီတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အဆိုပါဆိပ်ကမ်း ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် တာဝန်ရှိသူများက  Wilmar Jetty အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဆိပ်ကမ်း တစ်လျှောက်လှည့်လည် ကြည့်ရှုကြသည်။

''ဒီနေ့ဖွင့်လှစ် လိုက်တဲ့  Wilmar Jetty က အထွေထွေကုန်စည်နဲ့ ကုန်သေတ္တာ သင်္ဘောတွေအတွက်ပါ။ ရည်ရွယ်တာကတော့ စိုက်ပျိုးရေးထုတ်ကုန် သင်္ဘောတွေ၊ စားအုန်းဆီ တင်သွင်းတဲ့ သင်္ဘောတွေနဲ့ တခြားကုန်သင်္ဘောတွေ ဆိုက်ကပ်ဖို့ပါ။ ပထမအဆင့်ကို ၂ဝ၁၉ ခုနှစ်အပြီး ဆောင်ရွက်ပြီး ဒီစီမံကိန်းကြီး တစ်ခုလုံးကို ၂ဝ၂၂ ခုနှစ်မှာ အပြီးသတ်နိုင်အောင် ဆောင်ရွက်မယ်လို့ လျာထားပါတယ်''ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြို့ပြအင်ဂျင်နီယာဌာန ဒုတိယမြို့ပြ အင်ဂျင်နီယာချုပ် ဦးတင့်လွင်က ပြောသည်။

အဆိုပါ  Wilmar Jetty သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ စင်ကာပူ နိုင်ငံအခြေစိုက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းစု Wilmar International Limited မှ တင်ဒါအောင်မြင် ခဲ့ကြောင်း သိရသည်။

Wilmar Jetty ၏ စုစုပေါင်းအလျားမှာ ၂၃၂ မီတာရှိပြီး ထပ်မံ၍ ဆိပ်ခံတံတား အရှည် မီတာ ၃၉ဝ ရရှိသည်အထိ တည်ဆောက်မည် ဖြစ်သည်။ ရေအနက် ၁၃ မီတာရှိပြီး ၄၉ဝဝဝ DWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည် အထိဆောက်လုပ်မည် ဖြစ်သည်။ သီလဝါဆိပ်ကမ်း၌ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာဆိပ်ကမ်းများ အနေဖြင့် MITT ဆိပ်ကမ်းနှင့် MITL ဆိပ်ကမ်းတို့ရှိရာ ယခုဖွင့်လှစ်သော Wilmar Jetty သည် တတိယမြောက် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger