www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 20, 2018

တောင်သမန်အင်း ပတ်ဝန်းကျင်နှင့် တောင်သမန်တံတားပေါ် ရှိ ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းရေး စိစစ်သုံးသပ်ချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရန် ညွှန်ကြားထား



မန္တလေး ၂ဝ-၂-၂ဝ၁၈

တောင်သမန်အင်း ပတ်ဝန်းကျင်နှင့် တောင်သမန် တံတားပေါ်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းရေး စိစစ်သုံးသပ်ချက်များ ပြုလုပ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောပြ၍ သိရသည်။

အဆိုပါ ဆိုင်ခန်းများ ဖယ်ရှား ရှင်းလင်းရေးအတွက် တောင်သမန်တံတား ကြီးကြပ်မှုကော်မတီနှင့် တောင်သမန်အင်း လေ့လာစောင့်ကြည့်ရေး ကော်မတီတို့ ဖေဖော်ဝါရီ ၁၇ ရက်က ညှိနှိုင်းဆွေးနွေးခဲ့ပြီး တောင်သမန်အင်း ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးကလည်းကောင်း၊ တောင်သမန်တံတားပေါ်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးက လည်းကောင်းစိစစ်၍ သုံးသပ်ချက်များနှင့် အတူမည်သို့ ဆောင်ရွက်သွားမည် ဆိုသည့် နည်းလမ်းများကိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

"တောင်သမန်အင်းနဲ့ တောင်သမန် တံတားဆိုတာ မြန်မာနိုင်ငံရဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်သလို မန္တလေးမြို့ရဲ့ သမိုင်းပြယုဂ် တစ်ခုလဲဖြစ်ပါတယ်။ အခုဆိုရင် အင်းပတ်လည်မှာ ကျူးတွေက ဆိုင်တွေကို လက်လွတ်စပယ်ကို လာဆောက်နေကြတယ်။ ဒါတွေကြောင့် တံတားရဲ့မြင်ကွင်းကို ပျက်စီးစေပါတယ်။ တံတားပေါ်က ဆိုင်တွေကြောင့် လမ်းကိုကျဉ်းသွား စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရက တာဝန်ယူ ဆောင်ရွက် ရတော့မယ်။ သူတို့က ဆိုင်တစ်ခုချင်းရဲ့ အတိုင်းအတာနဲ့ ဘယ်သူက ဖွင့်ခိုင်းတာလဲဆိုတဲ့ စိစစ်သုံးသပ်ချက်နဲ့အတူ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါထည့်ပြီး အမြန်ဆုံး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရမယ်။ စိစစ်သုံးသပ်တဲ့အဖွဲ့ထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြို့မိမြို့ဖတွေလဲပါပါတယ်"ဟု ၎င်းက ပြောပြသည်။

လက်ရှိ အခြေအနေတွင် တောင်သမန်အင်း ပတ်ဝန်းကျင်နှင့် တောင်သမန် တံတားကြီးပေါ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး တံတားအဝင်ထိပ်မှ တိုင်အမှတ် ၂၅အတွင်း ပျံကျဆိုင်ခန်း ပေါင်း ၃ဝ ခန့် ဖွင့်လှစ်ထားကြောင်း သိရသည်။

"အခါကြီးရက်ကြီးဆိုရင် တံတားပေါ်မှာ လူတွေအများကြီး သွားလာနေကြတယ်။ တစ်ခါတလေ တံတားပေါ်ကို ဆိုင်ကယ်တွေ ဖြတ်သွားတာရှိတယ်။ ကျွန်တော်တို့က တံတားကြီးကို ပြုပြင်ဖို့ပဲ အာရုံစိုက်နေကြတယ်။ ဒီတံတားကြီးကို ဘယ်အဖွဲ့က ထိန်းသိမ်းမှာလဲ။ ရန်ပုံငွေကို ဘယ်လိုရှာမလဲ။ ဘယ်လို ရန်ပုံငွေ ထူထောင်ပြီး ဘယ်လို ထိန်းသိမ်းမလဲ။ အဲ့ဒါတွေက စိစစ်သုံးသပ်ချက်တွေ တင်ပြပြီးရင် တစ်ဆင့်ပြီး တစ်ဆင့်လုပ် ဖြစ်သွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

တောင်သမန်အင်းနှင့် တောင်သမန် တံတားကြီး သန့်ရှင်းသာယာ လှပရေး အတွက် ကော်မတီများဖွဲ့စည်းထားရာ တောင်သမန်တံတား ကြီးကြပ်မှု ကော်မတီတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တောင်သမန်အင်း လေ့လာစောင့်ကြည့်ရေး ကော်မတီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger