www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 15, 2018

လေးလေးစားစား တိုက်တွန်းလိုက်ရပေသည်



ဆောင်းပါး မောင်ခိုင်မာ(အထက်မင်းလှ)

၂ဝ၁၈ ခုနှစ်၏ နှစ်ဦးကာလ ဇန်နဝါရီလ ကုန်ဆုံးသွားပြီဖြစ်၏။ သို့သော် ဇန်နဝါရီ၏ လဆန်းပိုင်းသတင်း အချို့က နိုင်ငံတော်အတွက် မင်္ဂလာနှစ်သစ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်ကို ကြည်ကြည်နူးနူး သတိရနေမိသည်။ အဆိုပါ သတင်းများမှာ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားသတင်း၊ ၂ဝ၁၇ အမေရိကန်ဂျူနီယာ လူငယ်ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဟိန်းစည်သူ ပထမရရှိသည့် သတင်းနှင့် World Skills Korea ပြိုင်ပွဲတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ မောင်နေဦးကျော် ပထမဆုရရှိသည့် သတင်းများ ဖြစ်သည်။

လူငယ်ရေးရာမူဝါဒ

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ထိုနိုင်ငံ၏ လူငယ်ထုအပေါ်တွင် မူတည်နေသည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် အကြင်နိုင်ငံက မည်သို့သောလူငယ်များကို ပိုင်ဆိုင်ထားသနည်း ဟူသည့် အချက်ပေါ်တွင်လုံးဝ မူတည်နေသည်။ သို့ဖြစ်၍လည်း နိုင်ငံတိုင်း နိုင်ငံတိုင်းသည် လူငယ်များအား အရည်အသွေး မြင့်မားစေရေးအတွက် လူငယ်မူဝါဒများ ချမှတ်ကာ ဆောင်ရွက် နေကြကြောင်း တွေ့မြင်နေရသည်။ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့လူငယ်ရေးရာ မူဝါဒ အခြေအနေအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉ဝ ကျော်တွင် ၁၂၂ နိုင်ငံ၌ အမျိုးသားလူငယ်ရေးရာ မူဝါဒရှိပြီး ၃၇ နိုင်ငံက အသစ်စတင်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း တို့ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ၃၁ နိုင်ငံက လူငယ်ရေးရာမူဝါဒလုံးဝ မရှိသေးကြောင်း (နိုင်ငံပေါင်း ၈ဝ တွင်လူငယ်မူဝါဒ မရှိသေးဟုလည်း ဆိုသည်) ကမ္ဘာ့လူငယ်ဖွံ့ဖြိုးမှုအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇ဝ တွင် အဆင့် ၁၃၄ ၌ ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းကို လူငယ်ဟူ၍ လည်းကောင်း၊ အသက် ၁ဝ နှစ်မှ ၁၉ နှစ်အရွယ်ကို ဆယ်ကျော်သက် အရွယ်ဟု လည်းကောင်း သတ်မှတ်ညွှန်းဆိုသော်လည်း နိုင်ငံအလိုက်သတ်မှတ်မှု အသက်အရွယ်မှာ မတူညီနိုင်ကြပါ။ လူငယ်အသက်အရွယ်နှင့် ပတ်သက်၍ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားသည့် စံသတ်မှတ်ချက်မရှိပါ။ မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိကို လူငယ်အုပ်စု၏ အကျုံးဝင် အသက်အရွယ်အဖြစ် သတ်မှတ်ထားသည်။ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ ၅၁ ဒသမ ၄ သန်းအနက် အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ လူငယ်က ၉ ဒသမ ၂ဝ ရာခိုင်နှုန်း၊ အသက် ၂ဝ မှ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်မှ ၂၉ နှစ်အထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် အသက် ၃ဝ နှစ်မှ ၃၄ နှစ်အထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်းရှိသဖြင့်လူငယ်အရေအတွက်က စုစုပေါင်းလူဦးရေ၏ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းရှိသောကြောင့် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်က လူငယ်ထုဖြစ်နေသည်။ ဤအရေအတွက်ကို အရည်အချင်းသို့ ပြောင်းလဲနိုင်ပါက နိုင်ငံ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုက အားရဖွယ်ရာပင် ဖြစ်သည်။

သို့ဖြစ်၍လည်း နိုင်ငံတော် အစိုးရအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက Focal လုပ်ပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ပေါင်းစုံမှ ပညာရှင်များ၊ UN အဖွဲ့အစည်းနှင့် လူငယ်ကိုယ်စားလှယ် များက၂ဝ၁၆ ခုနှစ်မှစတင်၍ လူငယ် မူဝါဒ ထွက်ပေါ်ရေးကို ပြင်ဆင်ခဲ့ကြသည်။ ကော်မတီသုံးရပ် ဖွဲ့စည်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ရာ လူငယ်မူဝါဒ  Guiding Principal တစ်ခုရရှိပြီး ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုပေးခဲ့ကြောင်း သိရသည်။ ဤသို့ဖြင့် ''အနာဂတ်တွင် တိုင်းပြည်၏ အခန်းကဏ္ဍအားလုံး၌ လူငယ်များ၏ ဦးဆောင်မှု စွမ်းရည်မြှင့်တင် နိုင်ရေးအတွက် လိုအပ်သော အရည်အသွေး ပြည့်မီသည့် ပညာသင်ယူရေး အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရန်''ရည်ရွယ်ချက်များဖြင့် ရေးဆွဲခဲ့သည့် ''မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ'' မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာ ကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူငယ်တို့၏အသံကို ထင်ဟပ်မည့် အစည်းအဝေးများ ကျင်းပကြမည်။ ထိုလူငယ်အသံများဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဒေသ အလိုက်ဆောင်ရွက်မည့် အစီအမံများ ပေါ်ထွက်လာမည်ဖြစ်သည်။ ပေါ်ထွက်လာမည့် လုပ်ငန်းစဉ်များကလည်း နေ့ချင်းညချင်း၊ တစ်မုဟုတ်ချင်း အခုရေတွင်းတူး အခုရေကြည်သောက် အောင်မြင်ဖြစ်ထွန်း လာနိုင်မည် မဟုတ်ကြောင်း နားလည်လက်ခံ ကြရပေမည်။ လူငယ်တိုင်း လူငယ်တိုင်းက လူငယ်မူဝါဒကို အမြတ်တနိုး တန်ဖိုးထားကာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရပိုင်ခွင့်များကို ခံစားကြဖို့ဖြစ်သည်။ မြန်မာနိုင်ငံလူငယ် မူဝါဒသည် ကမ္ဘာ့ကုလသမဂ္ဂ၏ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဦးစားပေးဖော်ဆောင်ရမည့် လုပ်ငန်း(၁ဝ)ရပ် (ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဆင်းရဲမှု၊ သဘာဝပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါး၊ လူငယ်များ ကျူးလွန်တတ်သော ပြစ်မှုများ၊ အားလပ်ချိန်လှုပ်ရှားမှု၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်စဉ်နှင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ခြင်း)နှင့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် အဇာဘိုင်ဂျန်နိုင်ငံ ဗာကုမြို့တော်၌ကျင်းပခဲ့သည့် ကမ္ဘာ့လူငယ်ရေးရာ မူဝါဒဖိုရမ်က ချမှတ်ပေးထားသည့် လူငယ်ရေးရာ မူဝါဒများတွင် ရှိသင့်ရှိထိုက်သော အခြေခံလမ်းညွှန်ချက် (၄) ချက် (အခွင့်အရေးကို အခြေခံခြင်း၊ ရှုထောင့်မျိုးစုံကျယ်ပြန့်စွာ ပါဝင်စေခြင်း၊ သက်ဆိုင်သူများ အားလုံးပါဝင်စေခြင်း၊ အားလုံးပူးပေါင်း ပါဝင်နိုင်ခြင်း) တို့နှင့်လိုက်လျော ညီထွေရှိနေမည်ဖြစ်ရာ မဝေးတော့သောကာလတွင် မြန်မာလူငယ်တို့၏ စွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို ထုဆစ်ပုံဖော် နိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည် မိသည်။

ကိုဟိန်းစည်သူ ပထမရသည့် သတင်း

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် စိန့်သြဂတ်စတင်းမြို့၌ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ၂၇ ရက်မှ ၃ဝ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် အမေရိကန် ဂျူနီယာလူငယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက်၁၇ နှစ်အရွယ် ကိုဟိန်းစည်သူက ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ဂျူနီယာ ဂေါက်အဆင့် သတ်မှတ်ချက်တွင် အဆင့် (၁) နေရာကို ဆွတ်ခူးရယူနိုင်ခဲ့သည်။ဤသတင်းကို ဇန်နဝါရီလဆန်း ရက်များက သတင်းစာများ၌ ဖတ်ရှုရသည်။ ၎င်းသည် ယင်းပြိုင်ပွဲမတိုင်မီက ကမ္ဘာ့အဆင့် (၅) ၌ ရပ်တည်နေခဲ့သူ ဖြစ်သည်။ ယခုပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂ဝ ကျော်မှ လူငယ်ကစားသမား ဦးရေ ၅ဝ ကျော်ယှဉ်ပြိုင်ခဲ့ကြ ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် World Junior Golf Series တွင် အာရှတိုက်မှ ပထမဆုံးအောင်နိုင်သူအဖြစ် မှတ်တမ်းဝင် သွားခဲ့ပေပြီ။ ဤအဆင့်သို့ အလွယ်တကူရောက်ရှိ ခဲ့ခြင်းမဟုတ်သည်မှာ သေချာ၏။ ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ရန်အတွက် နံနက်မှညအထိ ပြိုင်ပွဲပုံစံအတိုင်း တစ်လခန့်လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲကျင်းပမည့် အမေရိကန်နိုင်ငံ၏ ရာသီဥတု၊ ကွင်းစသည်တို့နှင့် အသားကျစေရန် အတွက်လည်း ဒီဇင်ဘာ ၁၁ ရက်ကတည်းက ရန်ကုန်မှ ထွက်ခွာခဲ့ကြောင်းလည်း သိရသည်။ ဆိုရပါလျှင် ထူးချွန်လူငယ်အားကစားသမား ကိုဟိန်းစည်သူ အနေဖြင့် လုံ့လ၊ ဝီရိယ၊ ဇွဲအပြည့်ဖြင့် ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းနိုင်ခဲ့ခြင်း အပေါ်ချီးကျူးဂုဏ်ယူ မဆုံးဖြစ်ရသည်။ တကယ်လုပ်လျှင် အဟုတ်ဖြစ်ကြောင်း လူငယ်ထုအား ရှေ့ဆောင်လမ်းပြ နိုင်သည့်အတွက်လည်း အတိုင်းမသိ ကြည်နူးမိသည်။

World Skills Korea ပြိုင်ပွဲပထမဆုရှင်

ကိုရီးယားသမ္မတ နိုင်ငံတွင် သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ကျင်းပခဲ့သည့် World Skills Korea ပြိုင်ပွဲတွင် ပထမဆု (Gold Medalist) ရရှိခဲ့သည့် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ကိုနေဦးကျော်နှင့် တွေ့ဆုံ မေးမြန်းကဏ္ဍကို သတင်းစာများတွင် ဖတ်လိုက်ရသည်။ ပြိုင်ပွဲမှာ Korea National Skills Competition 2017 ဖြစ်ပြီး ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) က ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ၂ဝဝဝ ကျော်ပြီး ပြိုင်ပွဲအမျိုးအစား ၅ဝ ကျော် ပါဝင်ကြောင်း၊ ၎င်းအနေဖြင့် Web design and development ဘာသာရပ်တွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အောင်မြင်သူတို့၏ ထုံးစံအတိုင်း အခက်အခဲနှင့် စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ခဲ့ရကြောင်း သိရသည်။ ဤနေရာတွင် ၎င်း၏ခွန်အားရှိသော ပြောစကားများကို ဝေမျှလိုပါသည်။ ၎င်းက ''ကျွန်တော်ရလိုက်တာက ဆုယူပြီး ပြီးသွားတာ မဟုတ်ပါဘူး။နောက်ဆက်တွဲ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ သူများနိုင်ငံတွေအလယ်မှာ မြန်မာကွ ဆိုတာကိုပြသခွင့် ရလိုက်တယ်''ဟူ၍လည်းကောင်း၊ ''အမြဲကြိုးစားနေပါ။ အမြဲတမ်းလေ့လာနေပါ။ ကြိုးစားနေတဲ့သူအတွက်အရှုံးဆိုတာ ဘယ်တော့မှမရှိပါဘူး။ နောက်ပြီးကိုယ့်မှာ ပြိုင်ဆိုင်မှုတွေ ရှိရင်လည်း နောက်မတွန့်ပါနဲ့။ ပြိုင်ဆိုင်မှုရှိမှ ပိုတိုးတက်တာ မြန်ပါတယ်''ဟူ၍လည်းကောင်း၊ ''မြန်မာနိုင်ငံဟာ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်။ မြန်မာနိုင်ငံက လူတွေမညံ့ပါဘူး။ အခြားနိုင်ငံတွေနဲ့ တန်းတူ လုပ်နိုင်စွမ်းရှိကြတယ်''ဟူ၍လည်းကောင်း ပြောပြသည်။ သို့ဖြစ်၍လည်း မြန်မာလူငယ်ထု၏ စွမ်းရည်ကို ကမ္ဘာသိထုတ်ဖော် ပြသနိုင်ခဲ့သည့် ကွန်ပျူတာ အတတ်ပညာရှင်လူငယ် ကိုနေဦးကျော်အား ဂုဏ်ယူမဆုံးဖြစ်ရသည်။

လေးလေးစားစား တိုက်တွန်းလိုက်ရပေသည် ယနေ့လူငယ် လူရွယ်များသည် စာရေးသူတို့ ခေတ်နှင့်မတူတော့ပါ။ တစ်ဦးချင်းကလည်း တော်လာကြသည်။ ကမ္ဘာကြီးကလည်း ပြောင်းလဲလာသည်။ အကယ်၍များ စာရေးသူအား ၂ဝ၁၇ ခုနှစ်က လူငယ်တစ်ဦး ဖြစ်စေခဲ့ပြီး အဆိုပါထူးချွန်လူငယ်များနှင့် ယှဉ်ပြိုင်ခိုင်းပါက လုံးဝမယှဉ်ရဲပါကြောင်း ရှက်ရှက်နှင့် ဝန်ခံရပေမည်။ သူတို့လေးတွေ၏ သတ္တိကို လေးစားသည်။ ဂုဏ်ယူသည်။

သူတို့တစ်တွေက မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့၏ အထင်သေးသောအကြည့်ကို ပြောင်းပြန်လှန် ပေးနိုင်ခဲ့သည်။ ကျန်သော လူငယ်လူရွယ်များကလည်း သူတို့လိုကြိုးစား ကြစေလိုသည်။ နိုင်ငံတော်နှင့် မိဘပြည်သူတို့ကလည်း ဝိုင်းဝန်းပံ့ပိုး နေကြရမည် ဖြစ်သည်။ သို့ဖြစ်၍ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ကမ္ဘာ့ဖြစ်စဉ်များတွင် အသိပညာ၊ အတတ်ပညာပြည့်ဝသော အရည်အသွေးမီ လူငယ်အရင်းအမြစ် အင်အားစုများအဖြစ် အနာဂတ်တွင် မိမိတို့၏ ပခုံးထက်၌ မလွဲမသွေကျရောက်မည့် နိုင်ငံတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန် အတွက်''မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ''နှင့် အညီလူငယ်မောင်မယ်များက ကြိုးစားကြပါရန် လေးစားစွာတိုက်တွန်း လိုက်ရပေသည်။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger