www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 22, 2018

အလောင်းတော် ကဿပသို့ ဘုရားဖူးဧည့်သည် လာရောက်မှုသည် ရုံးပိတ်ရက်များတွင် ပိုမိုများပြား


အလောင်းတော် ကဿပသို့ လာရောက်ဖူးမြော်သူများကို တွေ့ရစဉ်။

အလောင်းတော် ကဿပသို့ ဘုရားဖူးဧည့်သည် များအား ဆင်များဖြင့် ပို့ဆောင်ပေးနေမှုကို တွေ့ရစဉ်။

ကနီ ၂၂-၁-၂ဝ၁၈

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့် ရုပ်ကလာပ်တော်တည်ရှိရာ လိုဏ်ဂူတော်ကြီးတို့တွင် ယခုနှစ်ဘုရားဖူးရာသီ၌ အနယ်နယ် အရပ်ရပ်မှ လာရောက် ဘုရားဖူး ကြသူများသည် ရုံးပိတ်ရက်များတွင်သာ လာရောက်မှုများပြား လျက်ရှိကြောင်း သိရသည်။

အလောင်းတော်ကဿပ စံကျောင်းနှင့် ရုပ်ကလာပ်တော် တည်ရှိရာသို့ မုံရွာ-တရော်ကျင်း-ကပိုင်ကျေးရွာမှ လည်းကောင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ပခုက္ကူ- ရေစကြို - ပုလဲ - ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာ မှတစ်ဆင့် လည်းကောင်း လမ်းနှစ်လမ်းအား အသုံးပြုကြရာ မုံရွာ-တရော်ကျင်း-ကပိုင်ကျေးရွာမှတစ်ဆင့် အလောင်းတော်ကဿပသို့ သွားရောက်သည့် ခရီးလမ်းကြောင်းမှာ အသုံးပြုမှု ပိုများသည်။

အလောင်းတော် ကဿပသို့ ဘုရားဖူးလာရောက် သူများအနေဖြင့် ကိုယ်ပိုင်ကားများဖြင့် လည်းကောင်း၊ ဘုရားဖူးယာဉ်များဖြင့် လည်းကောင်း၊ ခြေကျင်ခရီးဖြင့်လည်းကောင်း၊ ဆင်စီး၍ သော်လည်းကောင်း လာရောက် လျက်ရှိကြရာ ယခုနှစ်တွင် ဘုရားဖူးလာသူများ စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖောက်လုပ် ပေးထားသည်။

ဘုရားဖူးဝန်ဆောင်မှု များအနေဖြင့် ဆင် ၁၅ ကောင်နှင့် သစ်ထုတ်လုပ်ရေးမှ ဆင် ၁ဝ ကောင်တို့ကို ဆင်ထိန်းများက ကြီးကြပ်၍ ဘုရားဖူးပြည်သူများအား ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေး လျက်ရှိသည်။ 
ဆင်စီးမည့် ဘုရားဖူးများအနက် သက်ကြီးရွယ်အို၊ ကလေးများနှင့် မသန်စွမ်းသူများကို ဦးစားပေးပို့ဆောင် ပေးလျက်ရှိသည်။

ဆင်မစီးလိုသည့် ဘုရားဖူးများ အနေဖြင့်လည်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဒေသခံ အကျိုးတော်ဆောင်များ အဖွဲ့က လူနှစ်ယောက်ထမ်းပိုးသည့် အထမ်းများဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

သို့သော် အလောင်းတော်ကဿပသို့ နေ့စဉ်ခရီးသွားလာရောက်မှု နည်းပါးလျက်ရှိ သောကြောင့် ဘုရားဖူးဧည့်သည်များကို အမှီပြုလျက်ရှိသော အမှတ်တရ ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ အနေဖြင့် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ရောင်းဝယ်မှု အားနည်းလျက်ရှိသည်။

ယခုနှစ်တွင် အလောင်းတော် ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူး ရာသီလမ်းအား ဇန်နဝါရီ ၇ ရက်တွင် စတင်ဖွင့်လှစ် နိုင်ခဲ့သော်လည်း ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းခြင်း၊ အအေးပိုခြင်း တို့ကြောင့် ဇန်နဝါရီလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် လာရောက်မှုသည် ရုံးပိတ်ရက်များတွင် များသော်လည်း ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် လာရောက်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger