www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 26, 2018

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးမှု မစောင့်ဆိုင်းလိုပါက သွားရောက်တောင်းယူ သောက်နိုင်



မန္တလေး ၂၆-၁-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း ဇန်နဝါရီ ၂၂ ရက်မှစတင်ပြီး တစ်အိမ်တက်ဆင်း လိုက်လံ၍ (၁ဝ) ကြိမ်မြောက် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးနေပြီး အဆိုပါ ဆေးတိုက်ကျွေးမှုကို မစောင့်ဆိုင်းလိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်တောင်းယူ သောက်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရောဂါပိုးများ သယ်ဆောင်သည့် ပိုးကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်း ရေးဌာန (ရ.ပ.က.န)မှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ဆင်ခြေထောက် ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများ ဦးစီး၍ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများဖြင့် သက်ဆိုင်ရာရပ်ကွက် အလိုက်တိုက်ကျွေး နေပြီး (၁ဝ) ကြိမ်မြောက် သန်ချဆေး ပေါင်းတိုက်ကျွေးမှုကို ဇန်နဝါရီ ၃၁ ရက်ထိ တိုက်ကျွေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာန တိုင်းဒေသကြီး ဆရာဝန်ကြီး ဒေါက်တာ တင့်ဝေက ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်တို့ကို ဆင်ခြေထောက် ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ပြီး ဖြစ်၍ စုစုပေါင်းမြို့နယ် ၂၈မြို့နယ်အနက် ကျန်ရှိသည့် ၂၂မြို့နယ်တွင် စုစုပေါင်းလူဦးရေ ၄ ဒသမ ၆ သန်းခန့်ကို ဆေးတိုက်ကျွေးသွားရန် လျာထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးကို ၂ဝ၂ဝပြည့်နှစ်တွင် ဆင်ခြေထောက် ရောဂါကင်းစင်သည့် နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ရည်မှန်းထားပြီး မန္တလေးတိုင်းဒေသကြီးတွင် အမရပူရမြို့နယ်ပြီးလျှင် တံတားဦး၊ ဝမ်းတွင်းမြို့နယ်တို့သည် ဆင်ခြေထောက် ရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ်များ ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger