www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 26, 2017

အထက (၁) လသာ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်) အထက (၁) လသာ ကျောင်းသားဟောင်းများ၏ (၂၅) ကြိမ်မြောက် (ငွေရတု) အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထက(၁) လသာ ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး ဂါရဝပြုနှုတ်ဆက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက်လာကြသည့်ကျောင်းသားဟောင်းများက ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ရိုသေစွာဂါရဝပြုကန်တော့ကြစဉ်။

အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းလသာကျောင်းဆောင်သစ်ကို တွေ့ရစဉ်။

နေပြည်တော် ၂၆-၁၂-၂၀၁၇

အထက (၁) လသာမှ ကျောင်းသားဟောင်းများနှင့် အလှူရှင်များက ဆောက်လုပ်လှူဒါန်းသည့် လေးထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားဟောင်းများ၊ ကျောင်းသားများ၊ အလှူရှင်များတက်ရောက်သည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျောင်းဆောင်သစ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး ကဗျည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်တိုးတက်ကောင်းမွန်မှုသည် များစွာအရေးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာများ တတ်ကျွမ်းအောင် သင်ကြားပေးသကဲ့သို့ ပညာရေးသာမက ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်အတွက်လည်း လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ အောင်ချက်မြင့်မားရေးကိုသာ အဓိကမထားဘဲ အမှန်တကယ်ပညာတတ်များ ဖြစ်အောင် သင်ကြားပေးစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးစနစ်မှာ စစ်တမ်းများအရ မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းခန့်သာ တက်ရောက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့်အထက်တန်းသို့ ၃၀ ရာခိုင်နှုန်းခန့်နှင့် တက္ကသိုလ်ဝင်တန်းတက်ရောက်ချိန်တွင် ၁၀ ရာခိုင်နှုန်းကျော်ခန့်သာ ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည် မြင့်မားတိုးတက်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများက ၀ိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက် မှ ဖြည့်ဆည်းဆောင်ရွက်ပေး နေသည်များရှိကြောင်း၊ ထို့အတူ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်မှု ရှိစေရန်လည်း ကျောင်းတွင်းအားကစားပြိုင်ပွဲများ ဆောင်ရွက်ပေးစေလိုကြောင်း၊ အလားတူ လိမ္မာယဉ်ကျေးမှုရှိအောင်နှင့် ဘာသာတရားကို လေးစားလိုက်နာအောင်လည်း ပြုစုပျိုးထောင်ပေးစေလိုကြောင်း၊ ယခုကဲ့သို့ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်လှူဒါန်း ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းပညာရေး ညွှန်ကြားရေးမှူးရုံး၊ (စီမံ၊ဘဏ္ဍာ) ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ကော်မတီနာယက ဦးချစ်ညွန့်မှ ကျောင်းဆောင်သစ်ကြီး တည်ဆောက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျောင်းသားဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်လှိုင်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းပညာရေး ညွှန်ကြားရေးမှူးရုံး (စီမံ၊ဘဏ္ဍာ) ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းထံသို့ လေးထပ်ကျောင်းဆောင်သစ်ကြီးအား လွှဲပြောင်းပေးအပ်သည်။

၎င်းနောက်စစ်ပြီးခေတ် ကျောင်းသားဟောင်းများအဖွဲ့မှ ကာတွန်းဦးစိန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပန်းချီကားအား အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ကျောင်းဆောင်သစ်ကြီး အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

ထို့အတူ ယနေ့နံနက်ပိုင်းကလည်း ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်) အထက (၁) လသာ ကျောင်းသားဟောင်းများ၏ (၂၅) ကြိမ်မြောက် (ငွေရတု) အာစရိယပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အဆိုပါကျောင်း၊ ဗဟိုစံပြခန်းမ၌ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ဆရာကြီး၊ ဆရာမကြီးများ ၆၅ ဦးတက်ရောက်ကန်တော့ခံကြပြီး အဆိုပါကျောင်းတွင် အလယ်တန်းမှ အထက်တန်းအထိပညာသင်ကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကျောင်းသားဟောင်းများ တက်ရောက်ကြသည်။ ဦးစွာ ဟိုက်စကူးကျောင်းတော်ကြီး သီချင်းအားသီဆိုဂုဏ်ပြုပြီး အခမ်းအနားအား စတင်ဖွင့်လှစ်သည်။

ယင်းနောက် အခမ်းအနားမှူးက (၂၅) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်း အနား ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် အခမ်းအနားတက်ရောက် လာကြသည့် ကျောင်းသား ဟောင်းများက ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာ ဂါရ၀ပြုကန်တော့ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ ကိုယ်စားဆရာကြီး ဦးအေးသိန်းက သြ၀ါဒစကားချီးမြှင့် ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ အာစရိယပူဇော်ပွဲကျင်း ပရေးကော်မတီဥက္ကဋ္ဌနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး တာဝန်ရှိသူတစ်ဦးက အထက(၁)လသာ ကျောင်းဆောင်သစ်ဆောက်လုပ်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှုတ်ခွန်းဆက်ဂါရ၀စကား ပြောကြားသည်။ ယင်းနောက်ကျေးဇူးရှင်ဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် အာစရိယပူဇော်ပွဲတွင် လုပ်အားပေးဆောင်ရွက်ခဲ့သည့် ဆရာမများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ၎င်းနောက် ကျောင်းသားဟောင်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်ပြီး ဂါရ၀ပြုကန်တော့ လက်ဆောင်ပစ္စည်းများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက ဆရာကြီး၊ ဆရာမကြီးများထံ ရိုသေစွာဂါရ၀ပြု ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး ဂါရ၀ပြုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger