www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 22, 2017

သီပေါမြို့နယ် ကုန်းသာတွင် ရောင်းချနေသော ဟမ်းငိုင်းဒေသထွက် လိမ္မော်သီးများ ဈေးနှုန်းမြင့်တက်



သီပေါ ၂၂-၁၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ကုန်းသာရွာအနီးတွင် နှစ်စဉ် ရောင်းချလေ့ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ဟမ်းငိုင်းဒေသထွက် သဘာဝလိမ္မော်သီးများ အထွက်နှုန်း ကျဆင်းမှုကြောင့် ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း လိမ္မော်သီးရောင်းချသူ တစ်ဦးက ပြောပြသည်။

သီပေါမြို့နယ် ကုန်းသာကျေးရွာ အနီးတွင် ရောင်းချလေ့ရှိသော လိမ္မော်သီးများမှာ ကုန်းသာဒေသထွက် အသီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့အနီးမှ ဟမ်းငိုင်းကျေးရွာဒေသထွက် အသီးများဖြစ်ကြောင်း၊ သဘာဝလိမ္မော် သီးများသည် ကုန်းသာတွင် အနည်းငယ်သာ စိုက်ပျိုးခြင်းဖြစ်ပြီး ရာသီချိန် ကုန်ဆုံးသွားပြီဖြစ်၍ ဟမ်းငိုင်းအသီးကို ယခုလမှ စတင်ခူးယူရောင်းချခြင်း ဖြစ်ကြောင်း၊ ဟမ်းငိုင်းဒေသတွင် လိမ္မော်သီးများကို ဧကများစွာ စီးပွားဖြစ်စိုက်ပျိုး သူများပြားပြီး တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချကြသည့်အပြင် ကုန်းသာအနီးတွင် ရောင်းချသူများနှင့် မန္တလေး သစ်သီးပွဲရုံများသို့လည်း နှစ်စဉ်တင်ပို့ရောင်းချ သူများကြောင်း သိရသည်။

ဟမ်းငိုင်းဒေသတွင် ယခုနှစ်၌ မိုးနည်းလွန်းခြင်းကြောင့် အသီးများထွက်ရှိမှု သုံးပုံတစ်ပုံခန့် လျော့ကျသွားပြီး ဈေးနှုန်းများထက်ဝက်ခန့် မြင့်တက်လာကြောင်း၊ ယခင်နှစ်က ဟမ်းငိုင်းလိမ္မော်သီး လက်ကားဈေးနှုန်းအနေဖြင့် ပိဿာချိန် ၁ဝဝ လျှင်ငွေကျပ် ၇ဝဝဝဝ ဖြစ်သော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၄ဝဝဝဝထိမြင့်တက် သွားကြောင်း ဟမ်းငိုင်းဒေသတွင် လိမ္မော်သီးစိုက်ပျိုးပြီး လက်ကားဖြန့်ရောင်းချသူ မအေးဝင်းက ပြောပြသည်။

"ဒီနှစ် မိုးနည်းတော့ အထွက်နှုန်းက တအားကျတဲ့အပြင် အသီးတွေကလဲ ခါတိုင်းနှစ်ထက် သေးတယ်။ အထွက်နည်းတော့ တရုတ်နိုင်ငံနဲ့ ရှမ်းဒေသတွင်းကိုပဲ ရောင်းပေးနိုင်တယ်။ မန္တလေးကိုတောင်မပို့နိုင်ဘူး။ ခါတိုင်းနှစ်တော့တပေါင်းလထိ အသီးတွေ သိုလှောင်ရောင်းချနိုင်တယ်။ ဒီနှစ်က အသီးရှားတော့ ရာသီချိန်စောစော ကုန်မှာပါ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကုန်းသာကျေးရွာရှိ သစ်သီးတန်းတွင် တစ်ဆင့်ရောင်းချသူများသည် လိမ္မော်သီးအကြီး၊ အသေးပေါ်မူတည်၍ ၁ဝလုံးလျှင် ငွေကျပ်၂ဝဝဝ မှ ၇ဝဝဝထိ လက်လီရောင်းချကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger