www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 27, 2017

တညင်းကုန်း အဆင့်မြင့် လက်ကားဈေးသစ်ကြီး စတင်ဖွင့်လှစ်



ရန်ကုန် ၂၇-၁၂-၂၀၁၇

မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်လာမည့် နိုင်ငံတကာအဆင့်မီ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးရုံ သစ်ကြီးသုံးရုံကို ယနေ့တွင် စတင်ရောင်းချပြီဖြစ်ရာ လက်လီလက်ကားရောင်းချ လိုသည့် အငှားဆိုင်ခန်းပေါင်း ၂၅ဝဝ ကျော် လျှောက်ထားပြီး ဖြစ်ကြောင်း အဆိုပါဈေးသစ်ကြီး တည်ဆောက်ရေးစီမံကိန်း မြန်မာအက်ဂရိုအိတ် (စ်) ချိန်းပတ်ဘလစ်လီမိတက် (MAEX) CEO ဦးအောင်ကြီးထံမှ သိရသည်။

ထိုအဆင့်မြင့် လက်ကားဈေး သစ်ကြီးတည်ဆောက်ရေး စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာ တံတားလမ်းနှင့် ပုလဲလမ်းထောင့် တညင်းကုန်းဘူတာ ရုံအနီး၌ တည်ရှိသည်။ ယင်းစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် မြန်မာအက်ဂရိုအိတ် (စ်) ချိန်းပတ်ဘလစ်လီမိတက် ((MAEX)တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

ယခုအခါ ဈေးရုံသုံးရုံ၌ ဆိုင်ခန်းပေါင်း ၅၆ဝဝ ရှိရာ တညင်းကုန်း ဈေးဟောင်းမှ စာရင်းပေးထားသော ဆိုင်ခန်း ၂ဝဝဝ ကျော်ကို ချန်လှပ်ပြီး ဆိုင်ခန်း ၃၅ဝဝ ကို ဈေးဟောင်းအပါအဝင် အပြင်မှ ဆိုင်ခန်းလာရောက် လျှောက်ထားသူများ အားလက်ခံလိုက်ကြောင်း သိရသည်။

အဆိုပါ ဈေးသစ်ကြီးကို မြေအကျယ် ၈၃ ဧကပေါ်၌ တည်ဆောက်ခြင်း ဖြစ်ပြီး ဈေးရုံကြီးများ၏ ဘေးဝဲယာ ကားလမ်းဘေး၌ သစ်သီးဝလံပွဲရုံတန်းများ၊ အအေးခန်းများ၊ ကုန်ပစ္စည်း အစိုအခြောက် သိုလှောင်ရုံများ၊ City Mart၊Hypermarket များ၊ Hotel များ၊ လူနေတိုက်ခန်းများ၊ ဘဏ်များနှင့် ငွေချေးလုပ်ငန်းများ ပါဝင်သည့်အပြင် ဈေးဝင်းကြီးအတွင်း ကုန်တင်ကုန်ချ ကုန်ကားအစီးရေ ၂ဝဝဝကျော် ရပ်နားနိုင်ကြောင်း၊ ထိုဈေးသစ်ကြီး၏ စီမံကိန်း လုပ်ငန်းများကို ၂ဝ၁၉ ခုနှစ်တွင် အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

ယခုအခါ ဆိုင်ခန်းလာရောက် လျှောက်ထားလိုသူများ အနေဖြင့် မည်သည့်နေရာဒေသ၌ နေထိုင်သူမဆို ရန်ကုန်မြို့ ပြည်လမ်းရှိ မြေနီကုန်း ဒဂုံစင်တာ (၁) လေးလွှာ Block (A) နှင့် အင်းစိန်ဘူတာအနီး တညင်းကုန်း လက်ကားဈေးသစ်ကြီးသို့ ပုံစံ (၆၆)ဃ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ပတ်စ်ပို့ဓာတ်ပုံသုံးပုံဖြင့် လာရောက်လျှောက်ထား နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger