www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 20, 2017

စက်သုံးဆီဆိပ်ကမ်းစီမံကိန်း ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံပြုလုပ်ရန် ဒီဇိုင်းတင်ပြထားသော်လည်း တစ်နှစ်ကျော်ကြာသည်ထိ မလုပ်နိုင်သေး



မန္တလေး ၂၀-၁၂-၂၀၁၇

ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်ဘေးရှိ စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံပြုလုပ်ရန် ကုမ္ပဏီဘက်က ဒီဇိုင်းတင်ပြထားမှု တစ်နှစ်ကျော် ကြာသော်လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနရုံးချုပ်က ပြန်လည်အကြောင်း ကြားခြင်းမရှိသေးသဖြင့် မလုပ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ပြောပြ၍သိရသည်။

အဆိုပါ စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို Environmental Impact Assessment, Social Impact Assessment-EIA-SIA (ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်း) စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြုလုပ်နေစဉ် အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို အပိုင်းလိုက်ခွဲကာ ပြုလုပ်ရန် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားကြောင်း သိရသည်။

"စက်သုံးဆီဆိပ်ကမ်း EIA-SIA စစ်ဆေးမှု အဖြေထွက်မလာ သေးပါဘူး။ ကျွန်တော်တို့ ဌာနအနေနဲ့ကလဲ ကိုယ်နဲ့ဆိုင်တဲ့ အပိုင်းလိုက် စစ်ဆေးမှုတွေကိုလုပ်ပြီး ကမ်းပြိုကာကွယ်ဖို့၊ မြေထိန်းနံရံ ဆောက်ပေးဖို့ ပြောထားပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။

၎င်းတို့ဌာနအနေဖြင့် ဆီဆိပ်ကမ်း ပြုလုပ်မည်ဆိုပါက ဆိုက်ကပ်မည့်သင်္ဘောများ အရှိန်လျှော့မောင်းရန်နှင့် ကမ်းပါးပြိုကျမှုကို ကာကွယ်ရန် စက်သုံးဆီဆိပ်ကမ်းနှင့် ပတ်ဝန်းကျင်တွင် ကုမ္ပဏီက မြေထိန်းနံရံဆောက်
လုပ်ပေးရန် စသည့်အချက်များကို တင်ပြထားကြောင်း သိရသည်။

"ကုမ္ပဏီက ဆောက်လုပ်ပေးမယ်ဆိုပြီး ဒီဇိုင်းလာပြလို့ ကျွန်တော် ရုံးချုပ်ကိုတင် ထားပေမယ့် ခုချိန်ထိ ပြန်မကျသေးပါဘူး။ EIA-SIA စစ်ဆေးချက် အဖြေစောင့်နေတာ ထင်ပါတယ်။ အဖွဲ့ပေါင်းစုံက စစ်ဆေးရတာပါ။ ရှေးဟောင်း ယဉ်ကျေးမှုဇုန်တွေပါ နေတော့ အဲဒါကိုစောင့် နေတာထင်ပါတယ်။ ဌာနအနေနဲ့ စီမံကိန်းလုပ်ငန်းတွေကို ကန့်ကွက်ထားတာ မရှိပါဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းသည် တစ်ကန်လျှင် ဆီဂါလန် နှစ်သန်းဆံ့သည့် ဆီကန်ပေါင်း ၃၂ ကန်ပါဝင်သည့် စက်သုံးဆီ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ရှေးဟောင်းမြို့တော် အင်းဝမြို့၏ အိုးတုတ္တန်းရပ်နှင့်လည်း နီးကပ်နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger