www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 21, 2017

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြောက်ဇာမရီဘေးမဲ့တော နိုင်ငံတကာအဆင့်မီ ဆင်စခန်းနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းဖော်ဆောင်သွားမည်



ပဲခူး ၂၁-၉-၂၀၁၇

ပဲခူးတိုင်းဒေသကြီး မြောက်ဇာမရီ ဘေးမဲ့တော (မြို့ချောင်း-စိန်ကန့်လန့်လမ်း) တွင် နိုင်ငံတကာအဆင့်မီ ဆင်စခန်းနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်ရန် သြစတြေးလျနိုင်ငံ အခြေစိုက် Four Paws International မှ Director, Dr.Amir Khalil ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲတွင် တိုင်းဒေသကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

"ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ မြို့ချောင်း-စိန်ကန့်လန့်လမ်း၊ မြောက်ဇာမရီ ဘေးမဲ့တောအတွင်းမှာ နိုင်ငံတကာ အဆင့်မီဆင်စခန်းနဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖော်ဆောင်ဖို့ ဒီလိုလာရောက် တွေ့ဆုံရတာဖြစ်ပါတယ်။ဆင်စခန်းမှာ အမိမဲ့ဆင်ပေါက်လေးတွေ၊ ဒဏ်ရာရဆင်တွေနဲ့ ဆင်အိုတွေကို ထိန်းသိမ်းစောင့်ရှောက် သွားမှာပါ။ အဓိကအားဖြင့် ဆင်မုဆိုးတွေကြောင့် တောဆင်ရိုင်းတွေ မကြာခဏဒဏ်ရာရရှိပြီး သေကျေခဲ့ရတာတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖွင့်လှစ်ရတာ ဖြစ်ပါတယ်။ အရင် ဒေသခံပြည်သူတွေသစ်ခုတ်၊ ဝါးခုတ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြု သူတွေကိုလဲ သစ်တောပြုစုထိန်းသိမ်းခြင်းနဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမှာပါ"ဟု Dr.Amir Khalil က ပြောကြားခဲ့သည်။

"ဆင်စခန်းနဲ့ သဘာဝအခြေခံခရီးသွား လုပ်ငန်းဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း လုပ်ငန်းဖြစ်လို့ ကြိုဆိုပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့် ဧရိယာအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ သဘောထားဆန္ဒ၊ လိုလားချက်၊ လိုအပ်ချက်တွေကိုလဲ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒေသခံပြည်သူလူထုနဲ့ ရင်းနှီးမြှုပ်နှံသူတို့ ဟန်ချက်ညီမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ သစ်ခုတ်၊ဝါးခုတ်တဲ့ ဒေသခံပြည်သူတွေရဲ့ ဝင်ငွေအတိုင်း အခြားလုပ်ငန်းတစ်ခုနဲ့ အစားထိုးဆောင်ရွက် ပေးတာက ကောင်းမွန်တဲ့လုပ်ငန်း တစ်ခုဖြစ်လို့ မိမိတို့အစိုးရအဖွဲ့အနေနဲ့လဲ လိုအပ်တာတွေကို ကူညီဆောင်ရွက် ပေးသွားပါမယ်"ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောပြသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအကောင်ထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ သဘောထားကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်သူများ အလုပ်ကိုင် အခွင့်လမ်းများရရှိကာ ပြည်တွင်းပြည်ပမှ အပန်းဖြေခရီးသွား လေ့လာသူများရောက်ရှိ၍ ၎င်းခရီးသွားလုပ်ငန်းမှ ပံ့ပိုးမှုကောင်းများရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger