www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 3, 2016

ခွင့်ပြုချက်မဲ့ ကျူးကျော်ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အအုံ တရားမ၀င်လွှဲပြောင်း ပေးအပ်သူများနှင့် မီးရှို့ဖျက်ဆီးသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်


နေပြည်တော် ၊ ၃-၈-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လယ်ပြင်ကျေးရွာ ရှိ နိုင်ငံတော်ပိုင် မြေလွတ်မြေလပ် နှင့်မြေရိုင်း သုည ဒသမ ၅ဝ ဧကရှိ မြေနေရာတွင် ခွင့်ပြုချက်မဲ့ ဝတ်ပြု အဆောက်အအုံ အပါအဝင် အဆောက်အအုံ လေးလုံး ကျူးကျော် ဆောက်လုပ်ပြီး တရားမဝင် အသုံးပြုမှုနှင့် ပတ်သက်၍ ဒေသရှိ သံဃာတော် များနှင့် ကျေးရွာနေ အများပြည်သူ တို့က ကန့်ကွက် တားမြစ်သဖြင့် သက်ဆိုင်ရာ သို့ အဆင့်ဆင့် တင်ပြကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး မြို့နယ် အုပ်ချုပ်ရေးမှူး က အရေးယူ ဆောင်ရွက်မှု ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ များနှင့် ဝတ်ပြုဆောင် ဂေါပက အဖွဲ့ဝင် နှစ်ဦးတို့သည် ဇွန် ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး နှင့် စာရင်း အင်း ဦးစီးဌာနမှ နိုင်ငံပိုင် မြေလွတ်မြေလပ် နှင့် မြေရိုင်း ကျူးကျော်မှု ဆိုင်ရာ ဥပဒေအရ အရေးယူရန် နှင့် မလိုက်နာပါက တရားစွဲဆို သွားမည်ဟု ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆုံးဖြတ်ခဲ့မှု အပေါ် ဝတ်ပြုဆောင် အဖွဲ့မှ ကျောက်ရိုးစီမြေ သုည ဒသမ ၂ဝ ဧကပေါ်ရှိ တိုးချဲ့ အဆောက်အအုံ သုံးလုံးကို ၄င်းတို့ အစီအစဉ်ဖြင့် ဖျက်သိမ်းပေး ခဲ့သော်လည်း အလှူရှင်များ လှူဒါန်းထားသည် ဟုဆိုသည့် ဧရိယာ သုည ဒသမ ၃ဝ ဧကပေါ်ရှိ မူလ အဆောက်အအုံ ကိုမူ ဘာသာရေး အယူအဆ အရ ဖျက်သိမ်းရန် ငြင်းဆန်ခဲ့သဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်နေစဉ် ၄င်း အဆောက်အအုံ အား ဇူလိုင် ၁ ရက် ညနေ ၃ နာရီ ၄၈ မိနစ်တွင် လူတစ်စုက မီးရှို့ဖျက်ဆီး ခဲ့သည်။

လက်ရှိအချိန်တွင် မီးရှို့ဖျက်ဆီးခံထား ရသော ခွင့်ပြုချက်မဲ့ ဝတ်ပြုဆောင် မြေနေရာအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၃၃ အရ ဒေသ အာဏာပိုင်က ဒေသန္တရအမိန့် ထုတ်ဆင့်လျက် ကန့်သတ်နယ်မြေ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ အဆင့်ဆင့်၏ အခြားအမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီ အထိ တားမြစ်ဧရိယာ အဖြစ် သတ်မှတ်ထား ရှိခဲ့သည်။

တာဝန်ရှိ အဖွဲ့အစည်းများ အနေဖြင့် ဘာသာ အသီးသီးမှ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဥပဒေအတိုင်း စိစစ်ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖယ်ရှား ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ လုံးခင်းကျေးရွာ အုပ်စု၊ လယ်ပြင်ကျေးရွာ ရှိ ဘာသာရေး ဝတ်ပြုဆောင်အား တရားမဝင် လွှဲပြောင်း ပေးအပ်သူ များကို လည်းကောင်း၊ ဝတ်ပြုဆောင်အား မီးရှို့ဖျက်ဆီး ခဲ့သူများကို လည်းကောင်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger