www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 20, 2016

တစ်ဦးချင်း ကုန်သွယ်ခွင့် ငွေကျပ် ၁၀ သိန်း တိုးခွင့်ပြုထား



မန္တလေး ၊ ၂၀-၆-၂၀၁၆

တစ်ပိုင်တစ်နိုင် ပို့ကုန် လုပ်ငန်းရှင်များ အဆင်ပြေ စေရန် ထုတ်ပေးခဲ့သည့် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ( Individual Trading Card- ITC) နှင့် တစ်ရက် ကုန်သွယ်ခွင့် ငွေကျပ် ၁ဝ သိန်းတိုး၍ ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

ယခင်က တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ( ITC ) နှင့် ကုန်သွယ်ခွင့် ငွေကျပ်သိန်း ၂ဝ သာ ကုန်သွယ်ခွင့်ပြု ခဲ့ပြီး ယခုအခါ ငွေကျပ် ၁ဝ သိန်း တိုးမြှင့်၍ တစ်ရက်လျှင် ကုန်သွယ်ခွင့် ငွေကျပ် သိန်း ၃ဝ အထိ ကုန်သွယ်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်က ငွေကျပ် သိန်း ၂ဝ နဲ့ ငါးရက်ကို ငွေကျပ် သိန်း ၁ဝဝ တစ်ပြိုင်တည်း ကုန်သွယ်ခွင့်ပြု ခဲ့တယ်။ အခုရက် ၁ဝဝ စီမံချက် အတွင်း ဖြေလျှော့မှု လုပ်တဲ့အခါ တစ်ရက်ကို  ငွေကျပ် သိန်း ၃ဝ၊ ငါးရက်ကို ငွေကျပ် သိန်း ၁၅ဝ နဲ့ တစ်ပြိုင်တည်း ကုန်သွယ်မှု ပြုလို့ရတယ်'' ဟု မန္တလေး ကုန်သွယ်ရေး ဦးစီးဌာန တာဝန်ခံ ဦးအေးမင်းထွန်း က ပြောသည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် ကတ် ကို ယခင်က မန္တလေးတိုင်း ဒေသကြီး ဧရိယာ အတွင်းရှိ လုပ်ငန်းရှင်များ ကိုသာ ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်သော်လည်း ယခုရက် ၁ဝဝ စီမံချက် အတွင်း ဖြေလျှော့မှုများ ပေးသည့် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့် ဒေသတို့မှ လုပ်ငန်းရှင် များကိုပါ ပြုလုပ်ပေး နေပြီဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ကို ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ထုတ်ပေး ခဲ့ခြင်းဖြစ်ပြီး မောင်တော နှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်း နှစ်ခုတို့မှ လွဲ၍တခြား နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ပုံမှန် အသုံးပြု နေခြင်းဖြစ်ကာ မန္တလေးတိုင်း ဒေသကြီး၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် ကတ် ပြုလုပ်ထားသည့် လုပ်ငန်းရှင် ၂ဝ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၂ဝ ရာခိုင်နှုန်း ကျော်ကို နယ်စပ်စခန်း များမှ ကုန်သွယ် နေခြင်းဖြစ်ရာ အသေးစား နှင့် အလတ်စား လုပ်ငန်းရှင် များအတွက် တစ်ပိုင်တစ်နိုင် ကုန်သွယ်ရာတွင် ကုန်စည် စီးဆင်းမှု မြန်ဆန်လာ စေရန် ITC ကတ် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger