www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 5, 2016

ရခိုင်ပြည်နယ်မှ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှု အားနည်းနေ၍ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်



မင်းပြား ၊ ၅-၂-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း ရှေးဟောင်းသမိုင်း အမွေအနှစ်များ ဆိုင်ရာ ဘုရား၊ ပုထိုး၊ စေတီ နှင့် ရှေးဟောင်း အဆောက်အအုံ အများအပြား ရှိနေသော်လည်း ထိန်းသိမ်းမူနှင့် ကာကွယ် စောင့်ရှောက်မှု အားနည်းခြင်း ကြောင့် ပျက်စ်ီး ယိုယွင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မြောက်ဦး)မှ သိရသည်။

''ဒီလိုထိန်းသိမ်းမှု အားနည်း ရခြင်းရဲ့ အဓိက တစ်ချက်က အစိုးရဆီက ရခိုင်သမိုင်း အမွေအနှစ်တွေ ကို ထိန်သိမ်းဖို့ ဘတ်ဂျက်ငွေ ချပေးတာ အားနည်းတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ထိန်းသိမ်းမှုကို မလုပ်ဆောင် နိုင်ပါဘူး။ ရခိုင် သမိုင်းအရ တန်ဖိုးကြီးတဲ့ မြောက်ဦး ယဉ်ကျေးမူဇုန် ထဲက နာမည်ကြီး ဘုရား၊ ပုထိုး၊ စေတီတွေ ထိန်းသိမ်းရေး အတွက်ပဲ ဦးစားပေး သုံးစွဲနေ ရတယ်'' ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦး)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇံ က ပြောပြသည်။

ရခိုင်ပြည်နယ် တွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ် စသည်ဖြင့် ခေတ် ကြီး လေးခေတ် ထွန်းကားခဲ့ကာ အဆိုပါခေတ်များ အတွင်း ရှေးရခိုင် ဘုရင်များ တည်ထားခဲ့သည့် ဗုဒ္ဓယဉ်ကျေးမှု အဆောက်အအုံ များမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ပြန့်ကျဲစွာ တည်ရှိနေပြီး ရခိုင်ရှိ ဘုရား ပုထိုးများအား " သဇင်ပန်းခိုင် တမြိုင်မြိုင် " ဟု အဆိုရှိခဲ့ရာ အရေအတွက် အားဖြင့် ခြောက်သန်းကျော် ရှိကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။

''ရခိုင်ရှေးဟောင်း အမွေအနှစ် တွေ ပျက်စီးနေတာ ကြာပါပြီ။ တချို့ဆိုရင် ဖောက်ထွင်း ဖျက်ဆီးတာ ခံရတယ်။ ဘုရားတွေက နေရာ အနှံ့အပြားမှာ အများကြီး ရှိပါတယ်။ မြောက်ဦးက ရှိသမျှ တောင်တိုင်းမှာ ရှေးရခိုင် တွေရဲ့ ဘုရား၊ ပုထိုး၊ စေတီတွေ ရှိနေတယ်။ လူသူ အရောက်အပေါက် နည်းတဲ့ နေရာတွေမှာလဲ ရှိတယ်။ အဲဒီအတွက် ရခိုင်ပြည်နယ် တစ်ဝန်းက ရှေးရခိုင်တွေရဲ့ သမိုင်း အမွေအနှစ်တွေ မပျက်စီး၊ မဆုံးရှုံးစေဖို့ အချိန်မီ ကာကွယ် စောင့်ရှောက် ထိန်းသိမ်းမူတွေ လုပ်ဖို့ လိုအပ်နေတယ်'' ဟု မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်း က ပြောပြသည်။

ရှေးကျသော ရခိုင်သမိုင်း အမွေအနှစ် များကို ဘုရား၊ ပုထိုး၊စေတီ များနှင့် ကျောက်ပန်းကန်၊ အိုးခွက်၊ ဆေးတံ စသည့် ပစ္စည်းများ တွေ့ရလေ့ရှိပြီး ရှေးရခိုင်မြို့တော် များဖြစ်သည့် ဓညဝတီ၊ ဝေသာလီ၊ စမ္မဝတ်၊ ပုရိန်၊ ခြိတ်၊ ပဉ္ဇ၊ နေရဉ္ဇရာ၊ လောင်းကြက် နှင့် မြောက်ဦးမြို့တော် တို့ရှိခဲ့ရာ နေရာဒေသ များတွင် ရခိုင်သမိုင်း ရုပ်ကြွင်းများ ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger