www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 11, 2015

လူတိုင်း လက်လှမ်းမီ ကျန်းမာရေး စောင့်ရှောက်မှု စနစ် နှစ်ရှည်စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်နေ


ရန်ကုန် ၊ ၁၁-၈-၂ဝ၁၅

မြန်မာနိုင်ငံ အတွင်း လူတိုင်း လက်လှမ်းမီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို နှစ် ၃ဝ စီမံကိန်း ရေးဆွဲလျက် ရှိရာ ကမ္ဘာ့ဘဏ်မှ နည်းပညာနှင့် ငွေကြေး အကူအညီများ ပေးလျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် ပြည်သူအားလုံး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သည့် အချိန်တွင် ငွေကြေး တစ်စုံတစ်ရာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လွယ်ကူ လျင်မြန်စွာ ရရှိ နိုင်စေရေး ကြိုးပမ်းမည့် စနစ်ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် လူတိုင်း လက်လှမ်းမီ ကျန်းမာရေး ဝန်ဆောင်မှု စနစ် (Universal Health Coverage) ကို စတင် အကောင်အထည် ဖော်ရန် နှစ် ၃ဝ နှစ်ရှည် စီမံကိန်းများ ရေးဆွဲရာတွင် ၂ဝဝ၁-၂ဝဝ၂ မှ ၂ဝ၁ဝ-၂ဝ၁၁ အထိ ပထမ ၁ဝ နှစ် စီမံကိန်း အဖြစ် လည်းကောင်း၊ ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်အထိ ဒုတိယ ၁ဝ နှစ် စီမံကိန်းအဖြစ်လည်းကောင်း၊ ၂ဝ၂၁-၂ဝ၂၂ မှ ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ်အထိ တတိယ ၁ဝ နှစ် စီမံကိန်း အဖြစ် လည်းကောင်း သတ်မှတ် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စနစ်သည် မိခင်၊ မွေးကင်းစ ကလေးနှင့် ကလေး ကျန်းမာရေး လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းအဖြစ် စတင် ဆောင်ရွက်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ် အတွင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် ကနဦး ပေးအပ်ငွေ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ကို International Development Aids Credit (IDA) (အတိုးမဲ့ နှစ်ရှည် ချေးငွေ) ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ ပေးအပ်မည်ဟု သဘောတူ ခဲ့ပြီး ထို ငွေကြေးများ ကို လူတိုင်း လက်လှမ်းမီ နိုင်မည့် ကျန်းမာရေး ဝန်ဆောင်မှု လွှမ်းခြုံစနစ် လုပ်ဆောင်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

စီမံချက်တွင် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို ဆောင်ရွက်နေသော မြို့နယ် ကျန်းမာရေး ဌာနနှင့် အောက်ခြေ ကျန်းမာရေး ဌာနများ၌ ကျန်းမာရေး ဝန်ဆောင်မှု ကောင်းမွန်စေရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ကို ပြည်သူများက ရယူသုံးစွဲမှု အားကောင်း လာစေရန်၊ လိုအပ်သော ကျန်းမာရေး ဆိုင်ရာ လူ့စွမ်းအား အရည်အသွေး တိုးမြှင့်မှုနှင့် ကျန်းမာရေး စနစ် တည်ဆောက်ရန်၊ သဘာဝဘေး အန္တရာယ် အပါအဝင် မမျှော်လင့် နိုင်သော အရေးပေါ် ကိစ္စရပ်များတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger