www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 13, 2015

ကားတိုက်ခံ၍ လိမ်လည်ငွေညှစ်သူ များလာ၍ ယာဉ်ပိုင်ရှင်များ Car Black Box တပ်ဆင် အသုံးပြုရန် လိုအပ်လာ



ရန်ကုန် ၊ ၁၃-၇-၂၀၁၅

ရန်ကုန်မြို့တွင်း ရှိ မြို့နယ် အများစု၌ လူသုံးဦးမှ ငါးဦးအထိ အုပ်စုဖွဲ့၍ ကားတိုက်ခံကာ လိမ်လည် ငွေတောင်းယူ မှုများမှာ ယခု ရက်ပိုင်းအတွင်း ဆက်တိုက် ဆိုသလို ဖြစ်ပွား လာသည့်အတွက် မော်တော်ယာဉ် မောင်းနှင် သူများ အနေဖြင့် အထူး ဂရုပြုသင့်ကြောင်း ကိုယ်တွေ့ကြုံ ခဲ့ရသူများက ပြောသည်။

ယခုရက်ပိုင်း အတွင်း ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ကျောက်တံတား အစရှိသည့် မြို့နယ်များတွင် အဆိုပါ ဖြစ်စဉ်တချို့ ဖြစ်ပွားခဲ့ပြီး တချို့သော အုပ်စုဖွဲ့ ကားတိုက်ခံ လုပ်စားနေသူ များကို ရပ်ကွက်နေ ပြည်သူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဖမ်းဆီး၍ နီးစပ်ရာ ရဲစခန်းများသို့ သွားရောက် ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ တချို့ ယာဉ်မောင်းများ အနေဖြင့် လျော်ကြေးငွေ ပေးလိုက်ရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များ အနေဖြင့် အုပ်စုဖွဲ့ပြီး ယာဉ်တိုက်ခံ လျော်ကြေးငွေ တောင်းခံ နေသူများနှင့် ယာဉ်မတော်တဆ မှုများ ကြုံတွေ့ရပါက အမှားအမှန် ခွဲခြားသိရှိ နိုင်ရန် မိမိတို့၏ ယာဉ်များတွင် CCTV ကင်မရာများနှင့် Car Black Box များကို တပ်ဆင်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။

''သူတို့က သုံးဦးကနေ ငါးဦး လောက်အထိ ပေါင်းပြီးလုပ်တာ။ ကားကို ပြန်ပြီး ဝင်တိုက်တာ။ ပြီးရင် ကားရှေ့မှာ လှဲချ၊ လျော်ကြေး တောင်းတယ်။ အဲဒီမှာ သူတို့ အဖွဲ့ထဲက လမ်းသွားလမ်းလာ ဟန်ဆောင်ပြီး ဝိုင်းပြီး ပြောကြတာ။ ကိုယ်နေတဲ့ နေရာနားမှာ ဖြစ်တယ် ဆိုရင်တော့ ပြဿနာ မရှိဘူး။ တခြားနေရာမှာ ဖြစ်ရင် သူတို့တောင်းတဲ့ ပိုက်ဆံ ပေးရမှာ။ အခုရက်ပိုင်း အဲဒီလို ဖြစ်စဉ်တွေက များလာတယ်။ ကြည့်မြင်တိုင် မှာတစ်ခါ၊ ကျောက်တံတားမှာ တစ်ခါ၊ နှစ်ကြိမ်ရှိပြီ။ ဒီရက်ပိုင်း တွေ့ရတာ '' ဟု ရန်ကုန် အနောက်ပိုင်း ဆေးရုံ အထွေထွေ ရောဂါကု ဆရာဝန် ဦးကျော်စွာသိန်း က ပြောသည်။

Car Black Box နှင့် CCTV ကင်မရာ တန်ဖိုးမှာ ငွေကျပ် တစ်သိန်းကျော် ဝန်းကျင်သာ ရှိပြီး မိမိယာဉ်နှင့် ပတ်သက်သည့် ဖြစ်စဉ်များ အားလုံးကို မှတ်တမ်းတင် ထားနိုင်မည် ဖြစ်သည့်အပြင် မော်တော်ယာဉ် ရပ်နားထား ချိန်တွင်လည်း ကားဘေး ပတ်ဝန်းကျင်မှ ဖြစ်စဉ်များကို မှတ်တမ်းတင် နိုင်မည်ဖြစ်၍ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အမှု ကိစ္စများကို အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger