www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 22, 2015

မြန်မာနိုင်ငံမှ အာရှငါးနိုင်ငံသို့ တိုက်ရိုက်ကုန်သေတ္တာတင် သင်္ဘောလိုင်းများ ပြေးဆွဲလျက်ရှိ



ရန်ကုန် ၊ ၂၂-၇-၂ဝ၁၅

မြန်မာနိုင်ငံသည် နိုင်ငံတကာ စီးပွားရေး ဈေးကွက်များသို့ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေး နေသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်း လုပ်ငန်းများ ဖွံ့ဖြိုး လာသဖြင့် မြန်မာနိုင်ငံမှ တိုက်ရိုက် ခုတ်မောင်း ပြေးဆွဲနေသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်း များသည် အာရှနိုင်ငံ ငါးနိုင်ငံဖြစ်သော စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံ တို့သို့ ခုတ်မောင်း ပြေးဆွဲလျက် ရှိကြောင်း ကုန်သေတ္တာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများမှ သိရသည်။

မြန်မာနိုင်ငံနှင့် တိုက်ရိုက် ခုတ်မောင်း ပြေးဆွဲနေသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်း များမှာ ၂၁ လိုင်းအထိ ရှိလာခဲ့ပြီး အဆိုပါ သင်္ဘောလိုင်း များတွင် သင်္ဘော အစင်းရေ ၅၄ စင်းအထိ ခုတ်မောင်း ပြေးဆွဲ ခွင့်ပြုပေးထား ခဲ့ရာ သင်္ဘော အစင်းရေ ၄၁ စင်း ခုတ်မောင်း ပြေးဆွဲလျက် ရှိသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲ နေမှုများ၊ စီးပွားရေး ဈေးကွက်များ နှင့်ကုန်သွယ်မှု အခြေအနေ များမှာ ပိုမိုဖွံ့ဖြိုး တိုးတက် လာနိုင်သည့် အလားအလာ ကောင်းများစွာ ရှိနေသဖြင့် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ပြေးဆွဲလိုသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်း လုပ်ငန်း ကုမ္ပဏီများလည်း ရှိသည်။ မြန်မာနိုင်ငံနှင့် ကုန်သေတ္တာတင် သင်္ဘောလိုင်း ပြေးဆွဲရန် လျှောက်ထား တင်ပြလာမှု များကို စိစစ်ခွင့်ပြု ပေးနေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

အဆိုပါ ကုန်သေတ္တာတင် သင်္ဘောလိုင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် သင်္ဘော ကိုယ်စားလှယ် ဌာနမှ တာဝန်ယူ လုပ်ကိုင် ဆောင်ရွက် နေခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ခုတ်မောင်း ပြေးဆွဲနေသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်း များသည် အဆိုပါ နိုင်ငံ ငါးနိုင်ငံသို့ ခုတ်မောင်း ပြေးဆွဲနေခြင်း ဖြစ်ပြီး တိုက်ရိုက် ကုန်သေတ္တာတင် သင်္ဘောလိုင်း များမှ ကုန်သေတ္တာတင် သင်္ဘောကြီး များသည် ၄င်းနိုင်ငံများရှိ ဆိပ်ကမ်းများမှ ကုန်သေတ္တာ များကို တင်ဆောင်ကာ ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းကြီးများ ဖြစ်သည့် အေးရှားဝေါလ် ဆိပ်ကမ်း၊ ထီတန်း ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ သီလဝါ ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ အလုံ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း စသည့် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းကြီး ခြောက်ခုတွင် ဆိုက်ကပ် ရပ်နားကာ ကုန်သေတ္တာ အတင်အချ ကိစ္စများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ 

ယခုနှစ်ဇန်နဝါရီလမှ မေ ၂၇ ရက်အထိ မြန်မာနိုင်ငံသို့ တိုက်ရိုက် ကုန်သေတ္တာတင် သင်္ဘောများမှ ကုန်သေတ္တာများ သယ်ယူပို့ဆောင် ပေးခဲ့သည့် အခေါက်ရေမှာ ၂၉ဝ ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာမျက်နှာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger