www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 22, 2015

မက္ကဆီကိုနိုင်ငံမှ မူးယစ်ရာဇာ ထောင်ပြေး အယ်လ်ချာပိုဂတ်ဇ်မန်း ၏ မြေအောက်ရှောင်ပုန်း လမ်းများ



ကိုကိုဟန်

မက္ကဆီကို နိုင်ငံ၏ လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင် တစ်ခုတွင် အကျဉ်းကျနေသော မူးယစ်ရာဇာ ဂျိုကွင်အယ်လ်ချာပို ဂတ်ဇ်မန်း သည် ဇူလိုင် ၁၃ ရက်၌ ထောင်ဖောက်၍ ထွက်ပြေးသွား ခဲ့သည်။ ယခုကဲ့သို့ ထောင်ဖောက် ပြေးခြင်းမှာ ၄င်း၏ ဒုတိယ အကြိမ်မြောက် ထွက်ပြေး လွတ်မြောက်ခြင်း ဖြစ်သည်။

မက္ကဆီကို၏ အရိုင်းစိုင်း အရက်စက်ဆုံး နာမည်ကျော် ထောင်ပြေးကြီး ဖြစ်သော မူးယစ်ရာဇာ တစ်ဦး၏ ဘဝ တစ်လျှောက်တွင် အာဏာပိုင် များ၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် ထွက်ပြေးရာ၌ အဓိက ကျသော ဥမင်လိုဏ်ခေါင်း များမှာ ၄င်း၏ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလမ်းများ ဖြစ်၍ ၄င်းသည် မူးယစ် အင်ပါယာကြီး တစ်ခုကို တည်ဆောက် ထားသူဖြစ်ပြီး FOX မဂ္ဂဇင်းတွင် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးအဖြစ် မှတ်တမ်းတင် ထားခြင်းလည်း ခံရသည်။

ထို့အပြင် ယခုတိုင် ဖမ်းမိခြင်း မရှိသေးဘဲ လွတ်နေသေးသော ဗီနာကို မူးယစ်ဂိုဏ်းရာဇာ သည် မက္ကဆီကို၏ အယ်လ်တီပလာနို အကျဉ်းထောင်မှ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်ရာ အာဏာပိုင်များ အဖို့ တုန်လှုပ် ချောက်ချားသွား ရသည်။ သူထွက်ပြေး သွားပြီးနောက် မြေအောက်တွင် လေဝင်လေထွက် ကောင်းသော ဥမင်တစ်ခုကို စစ်ဆေးတွေ့ရှိ ရသည်။ ဥမင်ထဲတွင် အဆင်ပြေပြေ မောင်းနှင်နိုင်ရန် မွမ်းမံထားသော မော်တော် ဆိုင်ကယ်တစ်စီး ကိုပါ တွေ့ရသည်။

အဆိုပါ ဥမင် လိုဏ်ခေါင်းသည် မက္ကဆီကို အမျိုးသား လုံခြုံရေးဆိုင်ရာ မင်းကြီး မွန်တေ အလက်ဇန်ဒရို ရူသီဒို ၏ ပြောပြချက် အရ (၂ဝ x ၂ဝ) လက်မ အကျယ်ရှိ၍ ဂတ်ဇ်မန်း ၏ အကျဉ်းထောင် အခန်းရှိ အိမ်သာ
အတွင်း၌ ရှိနေခဲ့သည်။ ယင်းသည် ဒေါင်လိုက် ၃၃ ပေအနက် ရှိပြီး ရှည်လျားသော လိုဏ်ခေါင်းနှင့် ဆက်သွယ် ထားသည်။ အဆိုပါ ပြေးလမ်းသည် ၅ ဒသမ ၅ ပေ မြင့်၍ ၂၈ လက်မ အကျယ်ရှိ လိုဏ်ခေါင်းနှင့် ဆက်သွယ် ထားသော လှေကားတစ်ခု တပ်ဆင် ထားသည်။

လိုဏ်ခေါင်း အတွင်း၌ စစ်ဆေးရေးမှူး များက ပြုပြင်ထားသော မော်တော်ဆိုင်ကယ် ကို ပြေးလမ်းပေါ်တွင် တွေ့ရသည်။ ၄င်းသည် လိုဏ်ခေါင်း တူးစဉ်က ပစ္စည်း ကိရိယာများ သယ်ပို့ရန်နှင့် မြေစာများ သယ်ထုတ်ရန် ဖြစ်မည်။ အာဏာပိုင်များ၏ ပြောပြချက် အရ ယင်း မော်တော် ဆိုင်ကယ်ဖြင့် ဂတ်ဇ်မန်း ထွက်ပြေး သွားခြင်း ဖြစ်သည်။

မက္ကဆီကို အရာရှိ တစ်ဦးက ပြောရာတွင် အဆိုပါ ဥမင်လိုဏ်ခေါင်း ကို ဖောက်လုပ် ပြီးစီးရန် အချိန် တစ်နှစ်ခန့် ကြာမည်။ မြေစာများမှာ ထရပ်ကား အစီး ၃၅ဝ ခန့် ထွက်ရှိနိုင်ပြီး လိုဏ်ခေါင်း အရှည်မှာ ၁ မိုင်ကျော် ရှိသည်။ လိုဏ်ခေါင်း အဆုံး၌ အပြင်ထွက်ရန် အိမ်တစ်လုံးကို တစ်ဝက်တစ်ပျက် ဆောက်ထားသည်။ ထိုအိမ်ကို ဒီဇင်ဘာလတွင် ဂတ်ဇ်မန်း ၏လူများက တည်ဆောက် ခဲ့ပြီး တစ်လ၊ နှစ်လခန့် အကြာတွင် ဆက်မဆောက်တော့ကြောင်း အနီးအနားနေ လယ်သမား တစ်ဦးက ပြောသည်။ 

၎င်းတို့ အစီအစဉ် များသည် ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွင် ပြီးစီးခဲ့ကာ အလုပ်သမား များက မြေစာများကို ခြံအတွင်းမှ လနှင့်ချီ၍ သယ်ထုတ်ခဲ့ ကြသည်။ ICE ထောက်လှမ်းရေး အရာရှိဟောင်း က ဂတ်ဇ်မန်းသည် ဥမင်လိုဏ်ခေါင်း စနစ်ကို ပြီးပြည့်စုံအောင် လုပ်လိုက်သည်။ ဂတ်ဇ်မန်း ကိုမည်သူက လိုဏ်ခေါင်း ဖော်ပေး လိုက်သလဲ။ ထောင် အလုပ်သမား များရော မပါဝင် နိုင်ဘူးလားဟု မေးစရာရှိသည်။ မက္ကဆီကို သမ္မတ အင်းနရစ် ဗဲနာနိုင်တို က ထောင် အာဏာပိုင် များကို စစ်ဆေးရန် တာဝန်ပေး ထားကြောင်း သိရသည်။

ထောင်တွင်း အရာရှိများသည် ယင်း ထွက်ပြေးသည့် အကြံအစည်တွင် ပါဝင်ပူးပေါင်း နိုင်သည်။ ၁ မိုင်မျှ ရှည်လျားသော ဥမင် လိုဏ်ခေါင်း ဖောက်လုပ်ရာတွင် အရာရှိများ အဂတိ လိုက်စားမှု ရှိကိုရှိရမည်ဟု Inside Mexico's Criminal Insurgency ဂျာနယ်လစ် Foan Grillo ကပြောသည်။

ယခင် မူးယစ်မှောင်ခို သမားဟောင်း တစ်ဦးကလည်း တနင်္ဂနွေနေ့ က CNN သို့ ပြောရာတွင် ဂတ်ဇ်မန်း ထွက်မပြေးမီ အထိ အာဏာပိုင် များက လိုဏ်ခေါင်းကို ရှာမကြည့် ခဲ့ကြ၍ သူတို့သည် နာမည်ကျော်  လူဆိုးကြီးကို ထောင်အတွင်း ၌သာ ရှိမည်ဟု ယုံကြည် ကြသည်။ လူတစ်ဦးက မြေစာ အနည်းငယ် မျှပင် အဖိတ်အစဉ် မရှိအောင် အချိန်ယူ အပေါက်ဖောက်၍ လွတ်မြောက် ထွက်ပြေး သွားခဲ့သည်။

ဂတ်ဇ်မန်းကို ယခင်နှစ်က မက္ကဆီကို မြို့တော်၏ ကူလီဟာကန် နယ်စပ်ရှိ အိမ်ခုနစ်အိမ်ကို လျှို့ဝှက် လိုဏ်ခေါင်း များနှင့် ဆက်သွယ်ပေးသည့် အဓိကနေရာ၌ ဖမ်းဆီး ရမိသည်ကို တွေ့ရသည်။ ယင်းလျှို့ဝှက် လိုဏ်ခေါင်းသည် မြို့ရေဆိုး ထွက်ပေါက်နှင့် ဆက်သွယ် ထားသည်။ ဂတ်ဇ်မန်းအိမ်ကို အာဏာပိုင်တို့ ဝင်စီးသည့် အခါ အလွန်ခိုင်ခံ့သော သံမဏိ တံခါးကြီး များကို ကျော်ဖြတ်ရန် ကြိုးပမ်း နေချိန်တွင် ဂတ်ဇ်မန်း က ရေချိုးကန် အောက်တွင် လျှို့ဝှက် တူးဖော်ထားသော မြေအောက် လိုဏ်ခေါင်းမှ ထွက်ပြေး လွတ်မြောက်ဖို့ အချိန် လုံလောက်ကြောင်း ဂတ်ဇ်မန်း အိမ် ရှာဖွေရာတွင် အကျွမ်းတဝင် ရှိသူက CNN ကို ပြောပြသည်။

အနီးကပ်ဆုံး လုံခြုံသည့် အိမ်သည် ၂ မိုင်ခန့်အကွာ တွင်ရှိသည်။ သို့သော် လိုဏ်ခေါင်း ကွန်ရက်ကြောင့် ဂတ်ဇ်မန်းသည် နောက်ထပ် တစ်ကြိမ် ထွက်ပြေး လွတ်မြောက် သွားသည်။ ၄င်းသည် ၁၂၅ မိုင်အကွာရှိ မာဇတ်လန် ကမ်းခြေ အပန်းဖြေ စခန်းမြို့တွင် အိပ်ရေးဝဝ အိပ်ခဲ့သည်။

၂ဝ၁၃ ခုနှစ်က မြွေလိမ် မြွေကောက် ဖောက်လုပ်ထားသည့် ဆန်ဒီယာဂို နှင့် တီဂျွာနာ မက္ကဆီကိုအကြား မြေအောက် လိုဏ်ခေါင်းလမ်း တစ်ခုကို တွေ့ရှိခဲ့ ရကြောင်းနှင့် စစ်ဆေးရေးမှူး များက သိပ်ကောင်း လွန်းသည့် လိုဏ်ခေါင်းလမ်း ဖြစ်၍ Super Tunnel ဟု ခေါ်ဆို ကြကြောင်း သိရသည်။

စီနာလို မူးယစ်ရာဇဝတ် လိုဏ်ခေါင်းသည် ၃၅ ပေ အနက် ၄ ပေအမြင့် ၃ ပေအကျယ် ရှိပြီး အလျား ဘောလုံးကွင်း ခြောက်ခုစာ ရှိ၍ မီးထွန်းထားသည်။ လေဝင်လေထွက် ရှိပြီး ရထားလမ်း ရှိသည်။ ကုန်လှောင်ရုံ နှစ်ခုကြား ဆက်သွယ် ထားသည်။ အာဏာပိုင် များက မူးယစ်ဆေး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၂ သန်းဖိုးနီးပါး ဖမ်းဆီး ရမိသည်။ ထိုအချိန်တွင် အမေရိကန် ရှေ့နေချုပ် လော်ရာဒတ်ဖီ က မှောင်ခိုသမား များအား သတိပေး ထားကြောင်း၊ မင်းတို့ လိုဏ်ခေါင်း ဖောက်စမ်း။ တို့က တွေ့အောင် ရှာမှာပဲ။ တွေ့ရင် ဖျက်ဆီး ပစ်မှာပဲဟု ပြောကြား ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မက္ကဆီကို အကျဉ်းထောင်မှ ဒုတိယအကြိမ် ထောင်ဖောက် ထွက်ပြေးသွားသော နာမည်ကျော် ထောင်ပြေးကြီး ဂျိုကွင်အယ်လ်ချာပို ဂတ်ဇ်မန်း ၏ မြေအောက် လိုဏ်ခေါင်းတူး ကျူးလွန်မှု များကို သိရှိနိုင်ပါရန် တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာမျက်နှာ(၂၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger