www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 12, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံမှ The MAINICHI သတင်းဌာနအား တွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား



အပိုင်း (၂)

နေပြည်တော် ၊ ၁၂-၆-၂၀၁၅

The Mainichi ။ လူမျိုးစုလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေကို ဘယ်လိုရှေ့ဆက် ဖို့ရှိပါသလဲ။ ဆွေးနွေးမှုတွေ တိုးတက်ဖို့အတွက် မည်သည့်အကြောင်းရပ်များက အဟန့်အတားဖြစ်နေပါသလဲ။ အချို့သော လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များဟာ မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ တရားမဝင် လုပ်ငန်းများကနေ အကျိုးစီးပွား ထုတ်လိုနေကြပါတယ်။ ဒီအချက်ကိုသဘောတူပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ တိုင်းပြည်ဖွံ့ဖြိုး တည်ငြိမ်ဖို့ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လက်နက်ကိုင်ပဋိပက္ခတွေ ပပျောက်မှရမှာ၊ ဒါကြောင့် ကျွန်တော်တို့ တပ်မတော် အနေနဲ့ကတော့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို ဖြစ်နိုင်သမျှ ကျွန်တော်တို့ကြိုးစားနေပါတယ်။ သူတို့တောင်းဆို သမျှတွေလည်း တတ်နိုင်သမျှ လိုက်လျောပေးပြီးတော့ လုပ်ပေးနေပါတယ်။ အဓိက တိုင်းပြည်တည်ငြိမ် အေးချမ်းပြီးတော့မှ ဖွံ့ဖြိုးတိုးတက် စေချင်တာ ကျွန်တော့်ရဲ့အလိုလားဆုံးသော ဆန္ဒပါ။ အဲ့ဒီတော့ ကျွန်တော့်အနေနဲ့က သူတို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေကို တတ်နိုင်သမျှ လိုက်လျောပေးပါတယ်။ ဒါကြောင့်လည်း အခု ကျွန်တော်တို့ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းလက်မှတ်ထိုးနိုင်တဲ့ အဆင့်ရောက်သွားပြီ။ ပြီးရင် တစ်ဆင့် ဆက်ပြီးတော့ ဆွေးနွေးရမယ့်ကိစ္စတွေရှိသေးတယ်။ အဲဒီမှာ အရေးကြီးဆုံးကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းရပ်တွေ လုပ်ရမယ်။ အကြမ်းဖျင်းတော့ DDR လို့ ကျွန်တော်တို့ ပြောကြပါတယ်။ ဒါကတော့ မဖြစ်မနေ လုပ်ရမယ်။ ကမ္ဘာမှာလည်း လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေရှိပါတယ်။ အဲ့ဒီနိုင်ငံတကာတွေ လုံခြုံရေး ဆိုင်ရာ ပေါင်းစည်းခြင်းလုပ်ငန်းကို စောစောစီးစီး ဆောင်ရွက်တဲ့နိုင်ငံတွေကျတော့ ထာဝရငြိမ်းချမ်းရေး ရတဲ့ ဖြစ်စဉ်တွေရှိသလိုပဲ DDR ကို မဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ထာဝရငြိမ်းချမ်းရေး မရဘဲနဲ့ အခုချိန်ထိ ဖြေရှင်းနေရဆဲ နိုင်ငံတွေလည်းရှိတယ်။ ဒါကြောင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ လုပ်ဖို့လိုအပ်တယ်။ တစ်ချို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကျတော့လည်း ငြိမ်းချမ်းရေး လိုချင်တဲ့အခါကျတော့ သူတို့တော်တော်ကို ဒါနဲ့ပတ်သက်ပြီး လေးစားမှုရှိတာကို တွေ့ရတယ်။ ဥပမာ ကျွန်တော်တို့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူ (၆)ချက် ပေးထားတယ်။ ဒီ(၆)ချက်အပေါ်မှာ သူတို့ တလေးတစားနဲ့ ဆောင်ရွက်တာကိုတွေ့တယ်။ ကျွန်တော်တို့ ကတော့ ဒီငြိမ်းချမ်းရေး မူ(၆)ချက်ကို အတိအကျ လုပ်ရမယ်လို့ ကျွန်တော်တို့မပြောဘူး။ အလေးထား ဆောင်ရွက်ဖို့ပဲ ကျွန်တော်တို့ ပြောပါတယ်။ တစ်ချို့ကျတော့ ဒါကို သိပ်ပြီးအလေးမထားချင်ဘူး။ တစ်ချို့ကျတော့ ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့တွေကျတော့လည်း အလေးထားပြီး ဆောင်ရွက်တာကိုတွေ့ရတယ်။ ဒါက ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါတစ်ခုပေါ့၊ နောက်တစ်ခုက အခု လော်ခီးလာမှာ ဆွေးနွေးပွဲလုပ်နေတယ်။ လော်ခီးလာဆွေးနွေးပွဲ လုပ်တဲ့အခါကျတော့ တစ်ချို့လည်း ဒီအပေါ်မှာ ခုနကပြောတဲ့ NCA နဲ့ ပတ်သက်ပြီးတော့ နည်းနည်း စောဒကတက်တဲ့ အသံတွေလည်း ကျွန်တော်တို့ ပြန်ကြားပါတယ်။ ကျွန်တော်တို့လည်း စောင့်ကြည့်နေတဲ့ အနေအထားလေးတွေရှိတယ်။ တစ်ချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ သူတို့ရယူထားတဲ့ အာဏာတွေ အခွင့်အရေးတွေ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ အာဏာတွေ ဒါတွေသူတို့က စွန့်လွှတ်ဖို့ နည်းနည်းလေး ဝန်လေးပုံလည်းရတယ်။ ဒါကြောင့် ဒီအပေါ်မှာ သူတို့က ရသလောက် တောင်းဆိုမှုတွေ လုပ်နေတယ်။ သူတို့ တရားမဝင်ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လိုက်လျောပေးလို့လည်း မရဘူး။ ဒါတွေက ကျွန်တော်တို့ ဖြေရှင်းရမယ့် ကိစ္စရပ်တွေလို့ပြောချင်တယ်။ နောက်တစ်ခုက ဘာလဲဆိုလို့ရှိရင် ငြိမ်းချမ်းရေး တစ်ကယ်လိုချင်လို့ရှိရင် ငြိမ်းချမ်းရေး ရချင်လို့ရှိရင် ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်တွေ လည်းရှိဖို့တော့ လိုလိမ့်မယ်။ အခုသွားနေတာ ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်တဲ့ အတွက်ကြောင့် လက်နက်ကိုင် ပဋိပက္ခကိုတော့ ဘယ်နည်းနဲ့မှ ဖန်တီးပေးလို့တော့ မရနိုင်ဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဥပဒေနဲ့အညီသွားတဲ့ လမ်းကြောင်းကိုသွားရမယ်လို့ ကျွန်တော် ပြောလိုပါတယ်။ နောက်တစ်ခုက ခင်ဗျားမေးတဲ့ မေးခွန်း တစ်ခုမှာ တစ်ချို့က သူတို့နယ်မြေတွေမှာ ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာ ဒါနဲ့ပတ်သက်လို့မေးတဲ့ထဲမှာပါတယ်။ တရားမဝင်လုပ်တဲ့ အခါမျိုးကျတော့ အစိုးရအနေနဲ့ကတော့ ဘယ်လိုမှ ခွင့်ပြုလို့မရဘူး သူတို့အနေနဲ့ကတော့ ဥပဒေနဲ့အညီပဲ သွားရမှာ ပြည်ထောင်စုအစိုးရ မှာရှိတဲ့ နောက်တစ်ခါ သက်ဆိုင်ရာဒေသတွေမှာပေးထားတဲ့ အာဏာတွေဆီပဲ သွားရမှာလို့ပြောလို ပါတယ်။

The Mainichi ။ တပ်မတော်ဟာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီ နှစ်ခုလုံးနဲ့တိုက်ခဲ့ ရပါတယ်။ ကွန်မြူနစ်ပါတီဟာ ဒီကတစ်ချို့သော လက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ အထောက်အကူမပြုခဲ့ပါဘူး။ အခြားတစ် ဖက်ကကြည့်မယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာဟာ တရုတ်အပေါ်မှာ စီးပွားရေးအရ အားထားမှီခိုနေရပါတယ်။ မြန်မာနဲ့တရုတ်ဆက်ဆံရေးကို ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ကူမင်တန်တရုတ်ဖြူနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ရတာတော့ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော်တို့နိုင်ငံ အစိုးရရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာလို့ တိုက်ရတာဖြစ်ပါတယ်။ စောစောက တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်နိုင်ငံအနေနဲ့လည်း ဗကပကို ၁၉၈၅ ခုနှစ်ထိ ကူညီခဲ့တာကို ကျွန်တော်တို့တွေ့ရတယ်။ သို့သော်လည်း တစ်ဖက်ကလည်း ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက ကူညီပေးတာ တွေလည်း အများကြီးရှိတယ်။ နိုင်ငံရဲ့ ကူညီပေးမှုရှိတယ်။ ပါတီရဲ့ ကူညီပေးမှုရှိတယ်။ နှစ်ပိုင်းခွဲပြီးတော့ ကျွန်တော်တို့မြင်ရတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ် ပါတယ်။ ကျွန်တော်တို့ နိုင်ငံနှစ်နိုင်ငံဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ အဖြစ် သဘောတူညီထားချက်ရှိတယ်။ ဒါကတော့ မြန်မာနိုင်ငံ အနေနဲ့ပြောတာပေါ့။ တရုတ်နိုင်ငံ အနေနဲ့ပြောမယ်ဆိုရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများကြီးနဲ့လည်း မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် သူတို့စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေအများကြီး ရှိတယ်ဆိုတာ ကျွန်တော်တို့တွေ့ပါတယ်။ ဒီမှာလည်း ဒီတရုတ်နိုင်ငံအပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ လုံးဝမှီခိုအားထားတယ်ဆိုတဲ့ဟာမျိုး ကတော့မဟုတ်ဘူး။ ကျွန်တော်တို့လည်း အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော် လည်းကောင်း၊ ကျွန်တော်တို့နိုင်ငံ ကျင့်သုံးနေ တဲ့ နိုင်ငံခြားရေး မူဝါဒအရသော် လည်းကောင်း၊ ကျွန်တော်တို့နိုင်ငံ အများနဲ့ ဆက်ဆံမှုတွေ အများကြီး လုပ်ပါ တယ်။ နိုင်ငံတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီးယူထားတာရှိတဲ့ အတွက်ကြောင့် တရုတ်နိုင်ငံတစ်ခုတည်း အပေါ်မှာတော့ မှီခိုပြီးလုပ်နေတဲ့ အနေအထားမျိုးတော့ မရှိဘူး။ အခုဆိုပိုပြီးတော့မှ တခြားနိုင်ငံတွေနဲ့ ထိတွေ့မှုတွေ ပိုများလာတဲ့အတွက်ကြောင့် ဒါကိုလည်း ကျွန်တော်တို့ အနေနဲ့ မိတ်ဆွေနိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတယ် ဆိုတာကိုလည်း ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့အပေါ်မှာ စိတ်ကောင်း စေတနာကောင်းရှိတဲ့ မည်သည့်နိုင်ငံနဲ့မဆို ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့ ပြောလိုပါတယ်။

The Mainichi ။ ကျွန်တော်နောက်ထပ်မေးချင်တဲ့ မေးခွန်းတစ်ခုကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုများ ထင်မြင်ပါသလဲ၊ သူမဟာ ဒီမိုကရေစီရဲ့ စစ်သည်တော်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေတဲ့ အခြေအနေမျိုးရှိပါသလား၊ ဒါမှမဟုတ်ရင် နိုင်ငံရေးအရပိုမိုပြီးပျော့ပြောင်းလာ ပါသလား၊ မြန်မာ နိုင်ငံ မှာဆိုရင် သူမရဲ့အမှန်တကယ် အခန်းကဏ္ဍက ဘာဖြစ်လာမယ် လို့ ထင်မြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေး အမြင်နဲ့ ပြောရ မယ်ဆိုရင်ခက်ပါတယ်။ လူတစ်ယောက်ကို ကျွန်တော်အမြင်နဲ့ ပြောဖို့ခက် ပါတယ်။ နောက်တစ်ခု က ဒေါ်အောင်ဆန်းစုကြည် က ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အတွက်ကြောင့် လူသိများတဲ့ လူတစ်ယောက်ဖြစ်ပါ တယ်။ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သူ့မှာ ဥပဒေနှင့် အညီပေးထားတဲ့ အခွင့်အရေးတွေလဲ ရပြီး ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး တိုင်းပြည်အပေါ်မှာ ဆောင်ရွက်နိုင်တာတွေ၊ ပေးဆပ်နိုင် တာတွေ ဆောင်ရွက်နေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ သူသည်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သူ့မှာဆောင်ရွက်ပိုင်ခွင့်တွေ ရှိပါတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ရတဲ့ အခွင့်အရေးတွေပေါ် မူတည်ပြီးတော့မှ သူ့အနေနဲ့ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း အထောက်အကူရမှာဖြစ်တယ်။ သူ့မှာလဲ ဒီအခွင့်အရေးတွေရှိတဲ့ အတွက်ကြောင့် ကျွန်တော်ထင်တယ်၊ တစ်စိတ် တစ်ဒေသတော့ မြန်မာနိုင်ငံ အတွက် အထောက်အကူ ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်လို့ ပြောချင်ပါတယ်။

The Mainichi ။ ကျွန်တော်တစ်ခုထပ်ပြီး မေးချင်ပါတယ်။ ခုနကျွန်တော်ပြောတဲ့ အထဲမှာပါတဲ့ ဒီအချိန်ဟာ အခြေခံဥပဒေ ပုဒ်မ-၄၃၆ ကိုပြင်ဖို့ အတွက် အခြေအနေ မဟုတ်သေးဘူးဆိုရင် ၅၉(စ)နဲ့ပတ်သက်ပြီး ရှုထောင့် ဘယ်လိုမြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ခုနပြောတဲ့အထဲမှာ ပုဒ်မ-၄၃၆ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အချိန်မဟုတ်ဘူးဆိုတာ အကုန်လုံးကို မဆိုလိုပါဘူး၊ ပုဒ်မ-၄၃၆ နဲ့မပတ်သက်တဲ့ ကိစ္စတွေမှာလဲ ပြင်ဖို့လိုတာတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂)မှာ ပါတဲ့ လုပ်ဆောင်ချက်တွေနဲ့သွားရမှာပေါ့။ ဒီိအပေါ်မူတည်ပြီးတော့ပဲ အခြေခံ ဥပဒေကြီးရဲ့ သက်ဝင်မှု၊ လှုပ်ရှားမှု Function ဖြစ်တဲ့ဟာတွေ ကတော့ သွားရမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးလုပ်ရမယ် ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။

The Mainichi ။ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ နိုင်ငံရေး နယ်ပယ်ထဲ ဝင်/မဝင်ဆိုတာ နိုင်ငံရေး အခြေအနေပေါ် မူတည်တယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံရေးသမား တစ်ဦးဖြစ်လာဖို့ ကာကွယ်ရေး ဦးစီးချုပ်အတွက် ဘယ်လို အခြေအနေမျိုးတွေများ လိုအပ်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ကျွန်တော့်ရဲ့ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အပိုင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ အပိုင်းကတော့ တော်တော် တာဝန်ကြီးတယ်။ ကျွန်တော်တို့ ယခုမှ ပြုပြင်ပြောင်းလဲရေး အပိုင်းကို ကျွန်တော်တို့သွားရတယ်။ ဒီအချိန်မှာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ပြည်သူကနေ တစ်အချက်က ကျွန်တော်တို့မှာ ယုံကြည်မှုရှိဖို့ လိုပါတယ်။နောက်တစ်ခုက တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး စွမ်းအား အပြည့်ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးရှိဖို့ လိုပါတယ်။ တပ်မတော်က ကမ္ဘာ့စံချိန်၊ ကမ္ဘာ့နိုင်ငံများနဲ့ စံချိန်မီတဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် လုပ်ဖို့တာဝန်ရှိတယ်။ ဒီသုံးခုက ကျွန်တော့်အတွက် ဦးစားပေးလုပ်ရမယ့် ကိစ္စရပ်တွေဖြစ် ပါတယ်။ ဒီတာဝန်တွေအပေါ် မူတည်ပြီးတော့မှ တိုင်းပြည်ရဲ့ အခြေအနေကို ကျွန်တော်တို့က ကြည့်ရမှာပဲဖြစ် ပါတယ်။ နောက်တော့က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကလည်း မချုပ်ငြိမ်းသေးတဲ့ အချိန်ဖြစ်တာကြောင့် ဒီအပေါ်မှာ ကျွန်တော်တို့ အများကြီးစဉ်းစားရပါတယ်။ အဲဒီတော့ ကျွန်တော်က နိုင်ငံရေးဘက်ကို သွားမယ်ဆိုလို့ရှိရင် ခုနကပြောတဲ့ လုပ်ငန်းရပ်တွေကို အများကြီး တာဝန်ပေါ့သွားမှာပဲ ရှိပါတယ်။ ကျွန်တော်တာဝန် ထမ်းဆောင်နေတဲ့ ကာလမှာ ကျွန်တော်ဒီပေါ်မှာ တာဝန်ကြီးပြီးတော့မှ ကျွန်တော် လုပ်ချင်တဲ့ဆန္ဒရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်မှာ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်တော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ပဲ ကျွန်တော်လုပ်နိုင်တဲ့ ဟာတွေ အများကြီး ရှိပါတယ်။ ဒီအခြေအနေကတော့ စောစောကဖြစ်နေတဲ့ အဖြစ်အပျက် တွေနဲ့ အခြေအနေအပေါ်မှာ အများကြီး မူတည်ပြီးတော့မှ ကျွန်တော် ဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေ ဖြစ်ပါတယ်။

The Mainichi ။ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်က တစ်ခါတစ်ရံ သူနဲ့တွေ့ဆုံပြီး အချို့အရေး ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ဖို့ အခွင့်အရေးရ ခဲ့ပါသလား။ မြန်မာ့သမိုင်းမှာ သူ့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင် ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ သူနဲ့တော့ သူက တပ်မတော်ရဲ့ ဖခင်ကောင်း တစ်ယောက်ပါ။ ကျွန်တော်တို့အနေနဲ့လည်း ကွန်တော်တို့ရဲ့ တပ်မတော်ရဲ့ မိဘ တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း အခါကြီးရက်ကြီးတွေ ဥပမာအဖြစ် သီတင်းကျွတ် ကန်တော့တာကတော့ ရိုးရာထုံးတမ်းဖြစ်ပါတယ်၊ မြန်မာ့ရိုးရာ နှစ်ဆန်း တစ်ရက်နေ့မှာ ကန်တော့တာ ရှိတယ်၊ ရံဖန်ရံခါမှာ တွေ့ဆုံမှုတွေ ရှိတယ်။ ရှိတဲ့အခါ ကျတော့လည်း သူ့အနေနဲ့လည်း ကျွန်တော်တို့အပေါ်မှာ လိုအပ်တဲ့ ဆိုဆုံးမမှုတွေရှိပါတယ်။ ဒါကတော့ အသက်ကြီးတဲ့သူက ငယ်တဲ့သူကို မိဘက သားသမီးကို ဆိုဆုံးမမှုပြုတဲ့ သဘောပဲရှိပါ တယ်။ အဓိကကတော့ တိုင်းပြည်ကောင်းဖို့၊ ပုဂ္ဂိုလ်ရေး အရကောင်းဖို့၊ တပ်မတော်ကောင်းဖို့ ပြောတာပဲရှိပါတယ်။ သီးခြားတော့ သူနဲ့သွားပြီးတော့ နိုင်ငံရေးအရ သွားရောက်ဆွေးနွေးတာမျိုးတော့ မရှိပါဘူး။ နောက်တစ်ခုကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ကလည်း တပ်မတော်အပေါ်မှာ နှစ်ပေါင်းများစွာ ဦးဆောင်ပြီးမှ ခေတ်မီ တပ်မတော် ဖြစ်အောင် သူနိုင်တဲ့အပိုင်းကို ဆောင်ရွက်သွား တယ်။ ပြောလို့ရှိရင်တော့ ခေတ်မီတပ်မတော် တစ်ခုဖြစ်လာတာ သူ့ရဲ့အားထုတ်မှုတွေ ကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီမြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့ သူ့ရဲ့ ကျေးဇူးလို့ ပြောရမှာပေါ့။ သူ့ရဲ့ကျေးဇူး ကို မေ့လို့မရပါဘူး။ သူလည်း အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။ အခု သူပြောင်းလဲပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဟာ နည်းနည်းလေး ထိန်းပြီးလုပ်သွားတာနဲ့ ခိုင်ခိုင်မာမာ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်တယ်။ သူ့အနေနဲ့ ပြုပြင်ပြောင်း လဲမှုတွေကို လမ်းကြောင်းပေါ်တင်ပေးတဲ့ အချိန်မှာ အခုကမ္ဘာမှာ ပြုပြင်ပြောင်းလဲ မှုပြုလုပ်တဲ့နိုင်ငံတွေ အများကြီးရှိတယ်။ အာဖရိကနိုင်ငံ အချို့ အရှေ့အလယ်ပိုင်းရှိ အာရပ်နိုင်ငံ အချို့တွေမှာရှိတယ်။ ဥရောပနိုင်ငံ တွေမှာလည်း ရှိတယ်။ ဒီနိုင်ငံတွေဟာ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ချို့တွေဆိုလည်း အခုထိတိုက်ပွဲတွေ ဖြစ်နေ တယ်။ နောက်တစ်ခါ စည်းကမ်းကောင်းတဲ့၊ စွမ်းရည်ရှိတဲ့၊ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်း ၊ တပ်မတော် အဖွဲ့အစည်း သူတို့နိုင်ငံတွေမှာ စနစ်တကျ ဆောင်ရွက်နိုင်မှု မရှိတဲ့ အတွက်ကြောင့် လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတယ်။ ကျွန်တော်တို့မှာ ဒီလိုမျိုးမရှိဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုပဲဖြစ်ဖြစ် အသိအမှတ်ပြုရမှာ ဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကုသိုလ်ကံကောင်းမှုလည်း ဖြစ်တယ်။ သမ္မတကြီး ဦးသိန်းစိန် ကလည်း ၂ဝ၁၁ ခုနှစ် သမ္မတ ရွေးချယ်ခံရတဲ့အခါ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်။ တကယ်လို့သာ ကျွန်တော်တို့မှာ ဒီလိုအခြေအနေမျိုးမှာ အခြေခံကောင်း မရှိခဲ့လိုရှိရင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေဟာ လွယ်လွယ်ကူကူဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိ ဆွေးနွေးနေတဲ့ အခြေအနေမျိုး ကိုလည်း ရောက်လာမှာမဟုတ်ဘူး။ အခုဆိုရင် တစ်တိုင်းပြည်လုံး သေနတ်သံတွေ သိပ်မကြားရတော့ဘူး။ သေနတ်သံတွေ တော်တော်နည်းသွားပြီ။ ဒါက အခြေခံကောင်းခဲ့လို့ ဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့မှာ ဒီလိုအခြေခံကောင်း မရှိခဲ့လို့ရှိရင် အနောက်နိုင်ငံတွေ အခုနက ကျွန်တော်ပြောခဲ့တဲ့ နိုင်ငံတွေလိုမျိုး ကျွန်တော်တို့မှာလည်းအများကြီးကို အခြေအနေ ဆိုးတွေရှိနေမှာဘဲ။ ဒါကြောင့် ဒါတွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဆောင်ရွက်ပေးမှုတွေလို့ ဆိုရမှာဖြစ်ပါတယ်။

The Mainichi ။ ကျွန်တော်နောက်ဆုံး မေးခွန်းတစ်ခု မေးမြန်းပါရစေ။ ဒီမေးခွန်းကတော့ ကျွန်တော်တို့ Newsweek Article မှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ အကြောင်းအရာနှင့် ပတ်သက် ပါတယ်။ ကျွမ်းကျင်သူ အချို့က ဆိုခဲ့တာတော့ Islamic State အနေနဲ့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာပြည်မှာရှိတဲ့ ဘင်္ဂါလီမွတ်စလင်ထဲက နေပြီးတော့ တိုက်ခိုက်ရေးသမားတွေကို စုဆောင်းတယ်ဆိုတဲ့ အချက်အလက်ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်ဘက်ပိုင်း ရခိုင်ဒေသနဲ့ နီးကပ်လာတဲ့ နေရာမှာ ဒီအစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ လှုပ်ရှားမှု ရှိတယ်လို့လည်း ဖော်ပြထား ပါတယ်။ အထူးသဖြင့် အယ်လ်ကိုင်ဒါ အဖွဲ့ဖြစ်ပါတယ်။

ယခုအခါမှာတော့ Islamic State အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာလည်း ပစ်မှတ်ထားလာတာ တွေ့ရှိရပါတယ်။ ဒီလိုမျိုး မတည်ငြိမ်တဲ့ အခြေအနေမျိုးတွေကြောင့် ရခိုင်ဒေသမှာလည်း လက်ရှိအခါမှာ လူကုန်ကူးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရတာတွေ့ရှိရပါတယ်။ ကျွန်တော်သိလိုတဲ့ မေးခွန်းကတော့ အစွန်းရောက် အစ္စလာမ်မစ် လှုပ်ရှားမှုတွေရဲ့ ဖြစ်နိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဥပမာ အယ်လ်ကိုင်ဒါ IS ရဲ့လှုပ်ရှားမှု အလားအလာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖြစ်လာနိုင်တဲ့ အခြေအနေကို အဆွေတော်ရဲ့အမြင်ကို သိရှိလို ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ။ သတိထားရမယ့် လုပ်ငန်းတစ်ခုလို့တော့ ကျွန်တော်ပြောနိုင်ပါတယ်။ ဒီမှာလည်း အခုနကပြောတဲ့ ရခိုင်ဒေသမှာဖြစ်တဲ့ ပြဿနာတွေကို နှစ်ပိုင်း ကျွန်တော်ပြောလိုပါတယ်။ စီးပွားရေးအရ ထွက်ပေါက် ရှာလာတဲ့ အတွက်ကြောင့် အပြင်ကိုထွက်လာတဲ့ အစ္စလာမ်တွေ လည်းရှိတယ်။ သူတို့ကတော့ အခုမြန်မာနိုင်ငံရဲ့ တောင်ဘက်ကို သွားကြတဲ့ အဖွဲ့အစည်းပေါ့။ ဒါကတော့ စီးပွားရေးအရ သွားတဲ့ အဖွဲ့အစည်း။ IS အဖွဲ့ကတော့ စီးပွားရေးနဲ့ ပတ်သက် တဲ့ ပြဿနာမဟုတ်တော့ သိပ်ပြဿနာမရှိဘူး။ ဒါပေမယ့် နိုင်ငံရေး၊ လူမှုရေးအရ ဖြစ်တဲ့ပြဿနာကတော့ ဘာသာရေးနဲ့ ဆိုင်တဲ့ပြဿနာ၊ အဲဒီဘာသာရေးနဲ့ ဆိုင်တဲ့ပြဿနာကတော့ IS အဖွဲ့နှင့်ရှိလာ နိုင်ပါတယ်။ အခုကိစ္စတွေမှာ ဒီလိုပဲ သတိပြုမိ လာတယ်။ မြန်မာနိုင်ငံလည်း သတိထားရမှာပေါ့။ ကျွန်တော်တို့ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက် လို့ရမယ့် အဖွဲ့အစည်းတွေ၊ ညှိနှိုင်းဆောင်ရွက်လို့ ရတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပြီးတော့မှ သူတို့ရဲ့အန္တရာယ်ကို တုံ့ပြန်နိုင်ဖို့အတွက် ဆောင်ရွက် သွားရလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း သတိကြီးစွာထား ဆောင်ရွက်နေ တယ်ဆိုတာ ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့လူတွေ ရှိတယ်။ ဒီအပေါ်မှာ လှုံ့ဆော်မှုတွေ ပြုလုပ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အချို့လည်း ကျွန်တော်တို့ သတင်းတွေရတာတော့ ရှိပါတယ်။ အခုချိန်ထိတော့ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေအထားမျိုး မတွေ့သေးပါဘူး။ ဒါပေမယ့် အခြေအနေကို သတိထားနေတဲ့ အနေအထားလို့ ကျွန်တော်ပြောလိုပါတယ်။

The Mainichi ။ ဒါဟာ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုလား။ လက်ရှိအခြေအနေ ခြိမ်းခြောက်မှုလား။

ဗိုလ်ချုပ်မှူးကြီး ။ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုပါ။

The Mainichi ။ အထောက်အထားတွေ မရှိသေးလို့ဖြစ်ပါမယ်။

ဗိုလ်ချုပ်မှူးကြီး ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ထဲမှာလည်း ထူးခြားတဲ့ လုပ်ဆောင်မှုတွေ မတွေ့သေးဘူး။ ဒါပေမယ့် တစ်ခုတော့ဖြစ်နိုင်တာပေါ့။ မမြင်ရ သေးတဲ့ဟာတွေတော့ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ဒါတွေက ခုနက ပြောသလို ကျွန်တော်တို့ လုပ်နိုင်သလောက်လည်းလုပ်မယ်။ ပူးပေါင်း ဆောင်ရွက်လို့ရတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားပါမယ်။ ဒါက တစ်နိုင်ငံတည်း ရပ်တည်လို့မရဘူး။

The Mainichi ။ ကျေးဇူး အများကြီး တင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ။ အချိန်အများကြီး ပေးထားပါတယ်။ ကျွန်တော် စိတ်ရှည်လက်ရှည်နဲ့ ဖြေတာပါ။ တချို့မေးခွန်းများကို အတိုချုပ်ဖြေဆို၍ ရသော်လည်း သေချာနားလည်အောင် ရှင်းပြတာဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူ ဆောင်ရွက် မှုတွေဟာ တိုင်းပြည်အကျိုးအတွက် ဖြစ်ပါတယ်။ တချို့ သူတွေပြောကြသလို တပ်မတော်ဟာ သဘောထား တင်းမာတယ် ဆိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူပုဂ္ဂိုလ်ဒါမှမဟုတ် ပါတီ နိုင်ငံရေး လုပ်နေတာ မဟုတ်ပါဘူး။ အမျိုးသားနိုင် ငံရေး ကို ဆောင်ရွက်နေခြင်း ပဲ ဖြစ်ပါတယ်။

The Mainichi ။ ကျေးဇူး အများကြီးတင်ပါတယ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger