www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 12, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံမှ The MAINICHI သတင်းဌာနအား တွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား



အပိုင်း (၁)

နေပြည်တော် ၊ ၁၂-၆-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ The Mainichi သတင်းဌာနမှ အာရှအထွေထွေဗြူရို အရာရှိချုပ် ၊ ရန်ကုန် ဗြူရိုအရာရှိချုပ် Mr. Takayuki Kasuga အား ဇွန် ၉ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ Mr.Takayuki Kasuga ၏ မေးမြန်းမှုများ အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမေးမြန်း ဖြေကြားမှု များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -

The Mainichi ။ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အမြင်များနဲ့ ရင်ထဲကစကားသံများကို ကျွန်တော့်အနေနဲ့ ကမ္ဘာကို တင်ပြသွားလိုပါတယ်လို့ ပထမဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော့ရဲ့မေးခွန်းတွေအပေါ် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပွင့်ပွင့်လင်းလင်း မှတ်ချက်ပြု ဖြေကြားစေလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး ။ ရပါတယ် မေးပါ။

The Mainichi ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အချို့သော အပိုင်းများ၊ အဓိကအားဖြင့် လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ပါဝင်မှု ၂၅ % ကို သတ်မှတ်ပေးတဲ့ ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ တောင်းဆိုချက်များရှိပါတယ်။ ပြည်ထောင်စု မပြို့ကွဲဖို့ သေချာတဲ့အခါ အရေးပါတဲ့ပုဒ်မတွေကို ပြင်ဆင်ဖို့ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လက်ခံမယ်လို့ ကျွန်တော်ယူဆပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိမပြိုကွဲနိုင်တဲ့ အဆင့်ကို ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ဘယ်လို သတ်မှတ်ပေးနိုင်ပါမလဲ။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် တိုင်းပြည်ရဲ့မပြိုကွဲနိုင်တဲ့အဆင့် ဘယ်လောက်ဆိုရင် လက်ခံနိုင်ပါမလဲ။

ဗိုလ်ချုပ်မှူးကြီး ။ မေးတဲ့မေးခွန်းမှာ အပိုင်း ၃ ပိုင်း ကျွန်တော်မြင်ပါတယ်။ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပိုင်းပေါ့။ နံပတ် ၂ ကတော့ တိုင်းပြည်ပြိုကွဲမဲ့ အခြေအနေနဲ့ ပတ်သက်တာပေါ့။ နောက် ပုဒ်မ ၄၃၆ နဲ့ ပတ်သက်တာပေါ့။ နံပတ် ၁ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲတဲ့ အပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပင်မဥပဒေတစ်ခု ဖြစ်ပါတယ်။ ဒီဥပဒေရေးတဲ့ အခါမှာလည်း အလျင်စလို ကျွန်တော် တို့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အချိန်တွေ အများကြီး ယူပြီးတော့မှ သေချာ ရးခဲ့တာဖြစ်ပါတယ်။ နံပါတ် ၂ အချက်ကတော့ ရေးဆွဲခဲ့တဲ့အဖွဲ့ တွေကလည်း အလွှာ ၈ လွှာ ပါဝင်ခဲ့ပါတယ်။ တောင်သူလယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင်၊ နိုင်ငံ့ဝန်ထမ်းစသဖြင့် မျိုးစုံ ပါဝင်ပါတယ်။ တိုင်းရင်းသား၊ နိုင်ငံရေး ပါတီ စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ ဥပဒေပညာရှင်တွေလည်း အများကြီး ပါပါတယ်။ သူတို့နဲ့ သေချာတိုင်ပင်ပြီးတော့မှ နံပါတ် ၁ အချက်က ဒီဥပဒေကို ရေးခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီဥပဒေရေးတဲ့အခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပါတယ်။ တိုင်းရင်းသားတွေ့ရဲ့ အခြေအနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ ကို ပြန်ကြည့်ပါတယ်။ တိုင်းပြည်ရဲ့ Location တည်နေရာ အပေါ်မူတည်ပြီး ကျွန်တော်တို့ တိုင်းပြည်ကို ခိုင်ခိုင်မာမာဖြစ်နိုင်ဖို့ အတွက် သေချာရည်ရွယ်ပြီးတော့မှ ရေးတဲ့ ဥပဒေတစ်ခုလို့ ကျွန်တော်ပြောချင်တယ်။ ဒါပြီးစလွယ်ရေးတဲ့ ဥပဒေ မဟုတ်ဘူး ဆိုတာတော့ သေချာပြောနိုင်ပါတယ်။ နောက်တစ်ခုကလည်း ဥပဒေတစ်ခုဆိုတာ ဘယ်ဥပဒေပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ခဏခဏပြင်လို့ရတဲ့ ဥပဒေဆိုတာ မကောင်းပါဘူး။ ဥပဒေတိုင်း ဥပဒေတိုင်းမှာ ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်။ အဲဒီထဲမှာမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ပိုပြီးတော့ ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်။ နောက်တစ်ခုကလည်း ဥပဒေတစ်ခု ပြဌာန်းပြီ ဆိုရင် ပြင်ဆင်နိုင်တဲ့ အကြောင်းအရာတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၁၂) မှာ ပြင်ဆင်နိုင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ခင်ဗျားတို့ ဂျပန်နိုင်ငံမှာလည်း ဖွဲ့စည်းပုံခြေခံ ဥပဒေဆိုတာ ရှိပါတယ်။ ခင်ဗျားတို့နိုင်ငံမှာ ၁၉၄၇ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြင်နိုင်တဲ့ အခွင့်အရေးတွေ ပေးထားပါတယ်။ ပြင်နိုင်တဲ့ အခွင့်အရေးတွေပေါ် မူတည်ပြီး ပြင်ခဲ့တာတွေလည်း ရှိကောင်းရှိပါမယ်။သို့သော်လည်း ဘယ်ဥပဒေပဲဖြစ်ဖြစ် ပြင်နိုင်တဲ့ အခွင့်အရေးတော့ ရှိပါတယ်။ ဒါကြောင့် ကြည့်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ လွယ်လွယ်ကူကူနဲ့ ပြင်မယ်ဆိုရင် မကောင်းဘူးလို့ ကျွန်တော့် အနေနဲ့မြင်ပါတယ်။ နောက် ကျွန်တော်တို့ နိုင်ငံမှာ ၂ဝ၁၁ ခုနှစ်ကစပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်။ အဲဒီလိုသွားတဲ့အခါမှာ နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့ ဆိုတာလိုပါတယ်။ နောက် တိုင်းရင်းသားရေးရာ တည်ငြိမ်မှု ဆိုတာလည်း လိုပါတယ်။ လက်ရှိမှာလည်း ပဋိပက္ခတွေ ဖြေရှင်းရတဲ့ အတွက်ကြောင့် တိုင်းရင်းသားရေးရာ တည်ငြိမ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု တို့ကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်ပါတယ်။ ဒီတည်ငြိမ်မှုဆိုတာနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ ဘယ်လောက်အာမခံချက် ရှိသလဲဆိုတာ မသိရပါဘူး။ တိုင်းတာဖို့ လိုပါတယ်။ နံပါတ် ၁ အချက်ကတော့ နိုင်ငံတည်ငြိမ်မှု ရှိရမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ စီးပွားရေးအရ တည်ငြိမ်မှု လုံခြုံမှုဆိုတာ လည်းရှိရပါမယ်။ အဲဒီမှာလူပုဂ္ဂိုလ် တစ်ယောက်ချင်းရဲ့ လုံခြုံမှုလည်း ရှိရပါမယ်။ နောက်အဖွဲ့အစည်းရဲ့ လုံခြုံမှုဆိုတာလည်း ရှိရပါမယ်။ လူမှုအသိုင်းအဝိုင်းရဲ့ လုံခြုံမှုလည်းရှိရပါမယ်။ ဒါတွေက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ လူသားတွေရဲ့လုံခြုံမှုလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒီလုံခြုံမှုအခြေအနေတွေ အပေါ်မှာမူတည်ပြီး နိုင်ငံတစ်ခုရဲ့တည်ငြိမ်မှု ဆိုတာကို ပြောလို့ရပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ထား ပါတယ်။ ဒို့တာဝန်အရေးသုံးပါး ဆိုတာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို ကျွန်တော်တို့ရှေ့ရှု လုပ်ဆောင်နေပါတယ်။ ဒါအမျိုးသားရေးတာဝန် အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထားတာ ဖြစ်တယ်။ဒီသုံးခုကိုတော့ ကျွန်တော်တို့ ထိခိုက်မခံနိုင်ပါဘူး။ ခုနကပြောတဲ့ Human Security ကလည်း ဒီသုံးခုနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ ဒါတွေအားလုံး တည်တည်ငြိမ်ငြိမ် ဖြစ်ပြီဆိုတာနဲ့ နိုင်ငံရေး တည်ငြိမ်မှုရပြီလို့ ကျွန်တော်တို့ပြောလို့ ရပါတယ်။ ဒီအဆင့်ရောက်ရှိဖို့ ကျွန်တော်တို့ရအောင် ကြိုးစားရပါလိမ့်မယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ ဒီလွတ်လပ်ရေးရတဲ့ အကြောင်းအရာထဲမှာ ဂျပန်နိုင်ငံနဲ့ ပတ်သက်တာတွေလည်း အများကြီး ရှိပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ကို လက်ရှိပကတိ အခြေအနေထိဖြစ်အောင် တပ်မတော်ကလုပ်လာခဲ့တဲ့ အတွက် ဒီလိုအခြေအနေကို ယိမ်းယိုင်သွားဖို့ ဆိုတာကိုတော့ တပ်မတော်အနေနဲ့ ဘယ်လိုမှလက်ခံလို့ မရပါဘူး။ ကျွန်တော်တို့က လက်ရှိတည်ငြိမ်နေတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်။ နောက် အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် လုပ်နေတယ်။ ဒီလိုအခြေအနေမျိုး ရောက်အောင် တပ်မတော်က လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဒီအခြေအနေမျိုး ထိခိုက်တာကိုတော့ ကျွန်တော်တို့တွေဟာ ဘယ်လိုမှ အရောက်မခံနိုင်ပါဘူး။ ဒါလည်း ကျွန်တော်တို့အတွက် အင်မတန်မှ သတိကြီးစွာ ထားပြီး ဆောင်ရွက်ရမဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ခုနကပြောတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ကတော့ ပုဒ်မ ၄၃၆ (က) အခန်း(၁၂)မှာပါပြီး ဖြစ်ပါတယ်။ စောစောကပြောတဲ့ အခြေ အနေပေါ်မူတည်ပြီးတော့မှ တိုင်းပြည်တစ်ခုရဲ့ အခြေအနေ မယိမ်းယိုင်အောင်ဆိုတာ ကျွန်တော်တို့ကပြန်ပြီး ထိန်းရတာဖြစ်တဲ့အတွက်ကြောင့် အခြေအနေ အရပ်ရပ်တွေ အားလုံးကောင်းလာတဲ့ အခါမှာ ဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာက အဓိကမဟုတ်တော့ဘူး ဆိုတာ အဲဒီအချိန်ကျရင် သဘောပေါက်လာပါလိမ့်မယ်။

The Mainichi ။ အခုအချိန်က ဒီပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် အချိန်မဟုတ်ဘူးလို့ ဆိုလိုချင်တာပါလား ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး ။ ဒီအချိန်ကတော့ ပြင်ဖို့မသင့်သေးတဲ့ အချိန်တစ်ခုလို့ ပြောရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး အယူအဆ မလွဲစေချင်ဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ အယူအဆမှာ ကျွန်တော်တို့ အနေနဲ့ လုံးဝမပြင်ရဘူး ဆိုတာမရှိပါဘူး။ အခြေအနေ ပေါ်မူတည်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ပြင်သင့်ပြင်ထိုက်တာ များကို ပြင် ဆင်ဖို့ဆိုပြီး တပ်မတော်အနေနဲ့ လွှတ်တော်ကို တင်ပြထားတာရှိပါတယ်။ ပြင်ချင်တဲ့ အချက်များ ပြင်ထားတာ ရှိပါတယ်။ လုံးဝမပြင်နဲ့ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဥပဒေဆိုတာ ခိုင်ခိုင်မာမာရှိနေတာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နားလည်မှုလွဲမှာစိုးလို့ ရှင်းပြတာပါ။

The Mainichi ။ aဖဖော်ဝါရီလက စတင်ပြီး ကိုးကန့်လက်နက်ကိုင် အဖွဲ့က တပ်မတော်နဲ့ တိုက်ခိုက်မှုတွေ ပြန်လည် လုပ်လာပါတယ်။ ဒီတိုက်ပွဲရဲ့ တကယ့်နောက်ခံက ဘာပါလဲ၊ တရုတ်နိုင်ငံက နောက်ခံထဲမှာ ပါဝင်နေတယ်လို့ ခံစားရပါသလား။ တိုက်ခိုက်မှုဟာ တရုတ်အကျိုးစီးပွား တစ်မျိုးမျိုးနဲ့များ ပတ်သက်နေပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ဒီကိုးကန့်၊ MNDAA ပေါ့။ ဒီအဖွဲ့တွေ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ဒေသမှာ တိုက်ပွဲတွေဖြစ်တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က စပါတယ်။ ကိုးကန့် MNDAA အဖွဲ့တွေရဲ့ သမိုင်း နောက်ခံကတော့ ဗမာပြည် ကွန်မြူနစ်ပါတီကနေ တစ်ဆင့် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အရှေ့မြောက်ဒေသမှာ ရှိတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အခြေအနေ ယိမ်းယိုင်သွားတဲ့အချိန်မှာ ကိုးကန့်အဖွဲ့တွေက နေပြီးတော့ အရှေ့မြောက် စစ်ဒေသဖြစ်တဲ့ မုန်းကိုးမှာ ဌာနချုပ်ကို သိမ်းပိုက်ရာကနေစပြီး ကိုးကန့်ဖုန်ကြားရှင် ဦးစီးတဲ့အဖွဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ တကယ်တော့ ဖုန်ကြားရှင်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်သွားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သူတို့အရင်တုန်းက ဗမာပြည် ကွန်မြူနစ် ပါတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီတော့သူတို့က ဒီအရှေ့မြောက်ဒေသ ၊ လောက်ကိုင်ဒေသမှာ ကိုးကန့်နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု ကိစ္စရပ်တွေကို သူတို့ကို ပေးထားတဲ့ အခွင့်အာဏာ အတွင်းမှာ လုပ်ခဲ့တာတွေရှိပါတယ်။ ဒါပေမယ့်သူတို့က ဥပဒေနဲ့အညီမဟုတ်ဘဲ တချို့ဥပဒေချိုးဖောက်မှုတွေ ရှိနေတာတွေ ကျွန်တော်တို့ သွားတွေ့ရပါတယ်။ ၂ဝဝ၈ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်လောက်မှာ ဒီလောက်ကိုင်ဒေသမှာ တရားမဝင်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းတွေ၊ လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းရပါတယ်။ ကျွန်တော် အဲဒီအချိန်က အဲဒီနယ်မြေမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ဒီနယ်မြေမှာ ဒါတွေကိုမလုပ်ကြဖို့ ကျွန်တော်တို့ပြောပါ တယ်။ ဒါပေမယ့် သူတို့ကနားမထောင်ခဲ့ပါဘူး။ နားမထောင်ဘဲနဲ့ အဲဒီမှာရှိနေတဲ့ တာဝန်ရှိတဲ့ ရဲတွေကို သတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။ နောက်တစ်ခါ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ သွားပြီးတော့ ဒီကိစ္စကို ဖြေရှင်းခဲ့ပါတယ်။ ဖြေရှင်းတဲ့အခါ မူးယစ်ဆေးဝါးတွေလည်း အများကြီး သိမ်းဆည်း ရမိခဲ့ပါတယ်။ နောက်တစ်ခါ လက်နက်စက်ရုံ ကိုလည်း ကျွန်တော်တို့ရခဲ့တယ်။ သူတို့က လက်နက်တွေပြင်တဲ့ စက်ရုံ လို့ ပြောပေမဲ့လည်း အဲဒီလက်နက်စက်ရုံမှာ လက်နက်တွေ၊ ထုတ်လက်စ လက်နက်တွေ ကျွန်တော်တို့ အများကြီး ရခဲ့ပါတယ်။ နောက်ကျည်ဆံတွေလည်း အများကြီးရတယ်။ ဒါတွေက လက်နက်ကိုင် ပဋိပက္ခကို ပိုပြီးကြီးမားစေမယ့် ကိစ္စရပ်တွေဆိုတာ အများကြီး သွားတွေ့ရပါတယ်။ မူးယစ်ဆေးဝါးတွေ အများကြီးရခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဒီကိုးကန့်အဖွဲ့ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အဲဒီလိုဖြေရှင်းပြီးတဲ့နောက် သူတို့ဒီကနေ ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားပြီးတဲ့အခါမှာ တဖြည်းဖြည်းနဲ့ သူတို့ဒီနယ်မြေကို ပြန်ပြီးတော့ လိုချင်လာတဲ့အခါမှာ တရားဥပဒေနဲ့အညီ မဟုတ်ဘဲ၊ တရားဥပဒေနဲ့အညီ မလုပ်ဘဲနဲ့ နေရာရဖို့အတွက် ကြိုးစားလာတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒီဒေသမှာ ဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန် ဦးစီးတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရကို ရွေးချယ်တင် မြှောက်ထားပြီးဖြစ်တယ်။ ဒါကလည်း အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ကို တိုက်လာတဲ့အတွက်ကြောင့် ဒီပြဿနာတွေ တက်လာရတာဖြစ်တယ်။ အဓိက သူတို့ လုပ်တာကတော့ သူတို့ အာဏာပြန်ရဖို့ အတွက်ပါပဲ။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားလို့ ကျွန်တော်တို့ကပြောလို့ မရဘူး။ သူတို့ရဲ့ အကျိုးစီးပွားပေါ့။ သူတို့က ပြန်ပြီးတော့ ဒီနေရာကို Base ပြန်လိုချင်လို့ ကြိုးစားတာလို့ ကျွန်တော်တို့မြင်ပါတယ်။

The Mainichi ။ ကျွန်တော်တစ်ခုသိချင်တာကတော့ ဒီကိုးကန့် သောင်းကျန်းသူအဖွဲ့နဲ့ တရုတ်နိုင်ငံရဲ့ ဒေသခံအဖွဲ့၊ ကျွန်တ်ာတို့ ဒီဒေသခံတွေနဲ့ ဒီဒေသခံ အစိုးရနဲ့ ဆက်ဆံမှု ရှိ/မရှိကို ကျွန်တော်တို့သိလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အနေနဲ့ ဒီကိုးကန့်ဖြစ်စဉ်မှာ လောက်ကိုင်ကနေပြီးတော့ လိုအပ်တဲ့ဟာတွေ ထောက်ပံ့တဲ့ အနေအထားမျိုးကို ကျွန်တော်တို့ တွေ့ရှိရလို့ပါခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး ။ ဒီMNDAA အဖွဲ့တွေရဲ့ စားနပ်ရိက္ခာတွေ၊ နောက်လက်နက် ခဲယမ်းမီးကျောက်တွေ ရရှိမှုပေါ့။ နောက် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာတွေ၊ နောက်တစ်ခါ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကို ကုသပေးတဲ့ အခြေအနေကို ကြည့်လိုက်ရင် ထင်စရာရှိပေမယ့် လက်ဆုပ်လက်ကိုင် ကျွန်တော်တို့ ဘာမှပြလို့ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ဒါကတော့ မြင်ရတဲ့အခြေအနေ၊ နောက်တရုတ် အစိုးရအနေနဲ့လည်း တိုက်ရိုက်တော့ ကူညီပေးတဲ့ အနေအထားမျိုး မရှိဘူး။ ဒါပေမယ့် အောက်ခြေမှာတော့ တူညီတဲ့လူမျိုးစုတွေဆီက ထိုက်သင့်တဲ့ အထောက်အပံ့ အကူအညီတွေတော့ သူတို့ရကောင်း ရနိုင်တာပေါ့။ Goverment နဲ့လည်း မဆိုင်လောက်ဘူးလို့ ကျွန်တော်တို့ထင်တယ်။ သူတို့ ပုန်းလျှိုးကွယ်လျှိုးတော့ လုပ်ရင်လုပ်မှာပေါ့။ ဒါပြောလို့တော့မရဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်လောက်တဲ့ အထောက်အထားတော့ မရှိပါဘူး။ ဒါ့ကြောင့် နည်းနည်းပြောဖို့ ခက်ပါတယ်။ ဒါကတော့ တရုတ်အစိုးရနဲ့ ဘယ်လိုမှမပတ်သက်ဘူး ဆိုတာ ကျွန်တော်တို့ ပြောလို့ရပါတယ်။

The Mainichi ။ ဒီနိုင်ငံကို ဗြိတိသျှတွေက နှစ်ပေါင်း ၁၅ဝ ကျော်အုပ်စိုးခဲ့ပြီး ၎င်းတို့ရဲ့ သွေးခွဲအုပ်ချုပ်ရေး ပေါ်လစီအရ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများပေါ်ပေါက်ခဲ့ရပါတယ်။ အခြား တစ်ဖက်ကကြည့်ရင် ဗြိတိသျှ မအုပ်စိုးခဲ့တဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံလို လူမျိုးစုများ အမြောက်အများ နေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် လူမျိုးစုပဋိပက္ခတွေ မရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာ ဒီလိုလူမျိုးစုပဋိပက္ခ မရှိရခြင်းဟာ ကိုလိုနီအုပ်စိုးမှု မရှိခဲ့ခြင်းကြောင့် လို့ ထင်ပါသလား။ လူမျိုးစုများနဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဗြိတိသျှတွေမှာ ဘယ်လို တာဝန်ရှိပါသလဲ။ မြန်မာနိုင်ငံရဲ့ လူမျိုးစုပြဿနာ ဖြေရှင်းရာမှာ ဗြိတိသျှတွေအနေနဲ့ ပိုမိုပါဝင်ပတ်သက်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီထင်မြင်ချက်အပေါ် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ဘယ်လိုတုံ့ပြန် ပါမလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ကျွန်တော်တို့ ၁၈၂၄ ခုနှစ်မှာ အရှေ့ဘင်္ဂလားနဲ့ ထိစပ်နေတဲ့ ရခိုင်ဒေသ၊ တနင်္သာရီဒေသကြီးဟာ အင်္ဂလိပ်ရဲ့ကိုလိုနီ၊ ဗြိတိသျှရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ အတွက်ကြောင့် ၁၈၂၄ ခုနှစ်က စကြည့်မယ်ဆိုရင် ၁၉၄၈ မှာ လွတ်လပ်ရေး ရတဲ့အတွက်ကြောင့် ၁၂၄ နှစ်လောက် မြန်မာနိုင်ငံဟာ အင်္ဂလိပ်တွေရဲ့၊ ဗြိတိသျှတွေရဲ့ ကိုလိုနီဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီကာလအတွင်းမှာ ဗြိတိသျှတွေဟာ ကျွန်တော်တို့ကိုDivide and Rule ခွဲခြားအုပ်ချုပ်တဲ့ စနစ်နဲ့ တောင်တန်းဒေသမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ပြည်မမှာရှိတဲ့လူတွေကို သွေးခွဲအုပ်ချုပ်ခဲ့တာ သမိုင်းမှာငြင်းလို့မရပါဘူး။ ဒီရဲ့အကျိုးဆက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင် လွဲမှားမှုတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အဓိက တိုင်းရင်းသား လူမျိုးစု ၈စုနဲ့ တိုင်းရင်းသား မျိုးနွယ်စု ၁ဝဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အပေါ်မှာ ကြည့်မယ်ဆိုရင် တိုင်းရင်းသားမျိုးနွယ်နဲ့ ပတ်သက်ပြီး စိစစ်ဆဲဖြစ်တာကြောင့် တိုင်းရင်းသား ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျပြောလို့ မရ သေးပါဘူး။ သို့သော် ယခင်စာရင်းများအရဆိုရင် မျိုးနွယ်စုပေါင်း ၁၃ဝ ကျော်လောက်ရှိပါတယ်။ ဒီတိုင်းရင်းသားတွေမှာလည်း ခံစားချက် မျိုးစုံရှိကြမှာပါ။ ခုနကပြောတဲ့ ထိုင်းနိုင်ငံမှာလည်း တိုင်းရင်းသားတွေရှိပါတယ်။ သူတို့က ကိုလိုနီနိုင်ငံ မဖြစ်ခဲ့တဲ့အတွက်ကြောင့် ပြဿနာတွေ မရှိဘူးလားလို့ ပြောစရာရှိပါတယ်။ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့နိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ဟာ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်တွင်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာဟာ ကျွန်တော်တို့နိုင်ငံ အပေါ်မှာပဲ တာဝန်ရှိတယ်။ ဗြိတိသျှနဲ့တော့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ ပြည်တွင်းရေး ပြဿနာကို ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဖြေရှင်းရမယ့် အခြေအနေဖြစ် ပါတယ်။ ဗြိတိသျှမှာ တာဝန်ရှိလားဆိုတော့ တာဝန်တော့ ရှိတာပေါ့။ သူတို့လုပ်သွားတဲ့ အကျိုးဆက် ကျွန်တော်တို့ ခံစားရတာပေါ့။ ဒါပေမဲ့ဒါကို ကျွန်တော်တို့က ဘာလုပ်မလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲမှားမှုမရှိအောင်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြန်ရပြီး တည်ငြိမ်အေးချမ်းမှု ရမယ်လို့ ကျွန်တော်တော့ထင်တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူအရ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့မူတွေနဲ့ နေထိုင်လျက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကတော့ ပြည်တွင်းရေး ပြဿနာကို ပြည်ပရဲ့ဖိအားပေးမှုတွေ မပါဘဲနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ ။ နောက်တစ်ခုကလည်း ဗြိတိန်နိုင်ငံတစ်ခုတည်း တာဝန်ရှိတယ် ဆိုတာကတော့ သူတို့ကအုပ်ချုပ်ခဲ့တဲ့ အတွက်ကြောင့် တာဝန်ရှိတာပေါ့။ ဒါပေမဲ့ဒီအချိန်မှာတော့ သူတို့နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တွေကနေပြီးတော့မှ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ကူညီပေးမယ်ဆိုရင် ကောင်းပါတယ်။ သို့သော်လည်းပဲ တစ်ကယ်တမ်းမှာတော့ တိုင်းပြည် တစ်ခုရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိတယ်ဆိုတဲ့ အယူအဆပေါ့။ တိုင်းပြည်တစ်ခုရဲ့ အားဟာ ပြည်တွင်းမှာပဲရှိတယ်ဆိုတဲ့ အယူအဆ ကျွန်တော့်မှာ ရှိပါတယ်။ ဒါကြောင့် အဓိကကတော့ ပြည်တွင်းကလူတွေနဲ့ အားလုံးဖြေရှင်းမယ် ဆိုရင် ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger