www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 18, 2015

စိုက်ပျိုးရေးမှိုကို ကြာရှည်ခံ နည်းပညာများဖြင့်စီမံ၍ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့သွားမည်



ရန်ကုန် ၊ ၁၈-၅-၂၀၁၅

အခက်အခဲ အများအပြား ရှိသော်လည်း တာရှည်ခံသည့် နည်းပညာများ၊ အအေးခန်း စနစ်များဖြင့် သိုလှောင်၍ စိုက်ပျိုးရေး မှိုများကို နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် တင်ပို့နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မှိုစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''စိုက်ပျိုးရေးမှိုက ဈေးကွက်ထဲမှာ အမှန်တကယ် ရောင်းအား ကောင်းတယ်။ မှိုကန်စွန်းဆို စားသောက်ဆိုင် တိုင်းလိုလို မှာ အရောင်း သွက်တယ်။ မှိုကို လူတန်းစား မရွေး စားသုံးတဲ့ အတွက် ဈေးကွက် ကောင်းတယ်။ အခု မှိုစိုက်ပျိုး ထုတ်လုပ် သူတွေလည်း များပြား လာတဲ့အတွက် နောက်ပိုင်းမှာ တာရှည်ခံတဲ့ နည်းပညာတွေ သုံးပြီး ပြည်ပဈေးကွက် တွေကို တင်ပို့နိုင်ဖို့ စီစဉ်သွားမယ်'' ဟု ၄င်းက ပြောသည်။

ကောက်ရိုးမှို၊ ကြွက်နားရွက်မှို၊ ငွေနှင်းမှိုနှင့် လင်ဇီးမှို များကို စနစ်တကျ စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး ထွက်သမျှ မှိုအားလုံး မှာလည်း ကုန်ပြတ်လပ် သည်အထိ အဝယ်လိုက်လျက် ရှိသည့် စိုက်ပျိုးရေး မှိုများထက် သဘာဝမှို များမှာ ဈေးပိုမို ကောင်းမွန် သော်လည်း မှိုပွင့်သည့် ရာသီချိန် မှသာ ရရှိ နိုင်ခြင်းကြောင့် စီးပွားဖြစ် တင်ပို့ရောင်းချ နိုင်ရန် မဖြစ်နိုင်ကြောင်း မှိုစိုက်ပျိုး ထုတ်လုပ်သူများ က ပြောသည်။

မှိုစိုက်ပျိုး ခြင်းသည် အချိန်တို အတွင်း ဝင်ငွေပြန်လည် ရရှိခြင်းကြောင့် အကျိုးအမြတ် ပိုမိုရရှိစေရေး အဆင့်မြင့် နည်းပညာများ အသုံးပြုနိုင်ရန် နှင့် တွက်ခြေ ကိုက်သည့် မှိုရောင်းဝယ် ဖောက်ကားမှု ဖြစ်ပေါ် လာစေရန် ဆောင်ရွက် နေကြောင်း သိရသည်။

လတ်တလောတွင် မြန်မာနိုင်ငံမှ မှိုကို ဝယ်ယူရန် ဂျပန်၊ တောင်ကိုရီးယား နှင့် တရုတ်နိုင်ငံ တို့မှ စိတ်ဝင်စားလျက် ရှိပြီး အအေးခန်း စနစ်နှင့် တာရှည်ခံ နည်းပညာများ အသုံးပြု နိုင်ပါက ဈေးကွက် အခွင့်အလမ်း ကောင်းမွန်သည့် ထုတ်ကုန်တစ်မျိုး ဖြစ်လာ နိုင်ကြောင်း သိရသည်။

''မှိုကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နိုင်ဖို့ အများကြီး လိုသေးတယ်။ ဒီထက်ပိုပြီး စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့ အလားအလာ တွေက အများကြီး ရှိတယ်။ အရေးကြီး တာက ဈေးကွက်ပါပဲ'' ဟု မှိုစိုက်ပျိုးရေး ပညာရှင် တစ်ဦးက ပြောသည်။ မှိုစိုက်ပျိုး သူများ အနေဖြင့် မှိုမျိုး ထုတ်ယူရာတွင် အခက်အခဲ ရှိနေပြီး စီးပွားဖြစ်မှို ဖြန့်ဖြူးသူများ အနေဖြင့် မျိုးစေ့ ထုတ်မှုကို တွင်တွင် ကျယ်ကျယ် လုပ်ကိုင်နိုင်ရန် လိုအပ်လျက် ရှိသည်။

''ပြည်တွင်း ဈေးကွက်မှာက နေပြည်တော်၊ မန္တလေးဈေးကွက် ပဲရှိတယ်။ နယ်မြို့ တွေက ဈေးကွက် ကျဉ်းပြီး အဝယ်နည်း သေးတယ်။ နောက်ပိုင်း မှာတော့ ပြည်ပပို့ နိုင်အောင် လုပ်သွားမယ်'' ဟု မန္တလေးတိုင်း ဒေသကြီးရှိ မဟာနန္ဒာ မှိုမျိုး ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးအောင်ဝင်း က ပြောသည်။

နိုင်ငံတကာ ဈေးကွက်တွင် မှိုကို တာရှည်ခံ ထိန်းသိမ်းနိုင်သည့် နည်းပညာ များဖြင့် ထုတ်လုပ်ဖြန့်ချိ လျက်ရှိပြီး မြန်မာ့မှို များကို ပြည်ပ တင်ပို့ရာတွင် ယင်း နည်းပညာ များကို အသုံးပြုရမည် ဖြစ်ကာ ယို၊ စည်သွတ်ဘူး၊ မှိုခြောက် များအပြင် တခြား တာရှည်ခံအောင် ပြုလုပ်နိုင်သည့် နည်းပညာများ ထုတ်လုပ် တင်ပို့နိုင်မည် ဆိုပါက အကျိုးအမြတ် ပိုမို ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger