www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 12, 2015

ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီတော်မြတ်ကြီး ၏ ထီတော်တင်လှူပွဲကို မေလအတွင်း ကျင်းပသွားမည်


ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး

မန္တလေး ၊ ၁၂-၄-၂၀၁၅

မန္တလေးမြို့ အမရပူရ မြို့နယ်၊ စစ်ကိုင်း - မြစ်ငယ် လမ်းဘေးတွင် ကမ္ဘာ့ ပထမဦးဆုံး ဖြစ်သည့် ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး ကို တည်ထားလျက် ရှိရာ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်သောကြောင့် လာမည့် မေလအတွင်း ထီးတော် တင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

''စေတီတော်ကြီး ပရိဝုဏ် အတွင်းမှာ ကျောက်စိမ်း ဓမ္မာရုံကြီးနဲ့ အတူ နဂါးရုံဘုရား၊ ရှင်သီဝလိ ရဟန္တာ မထေရ်မြတ်နဲ့ ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်မြတ် တို့ရဲ့ ကျောင်းဆောင် တွေကို ထည့်သွင်း တည်ဆောက် ထားပါတယ်။ စေတီတော် မုခ်ဦး လေးမုခ်ကို တိုးချဲ့ပြီးတော့ ကျွန်း တိုင်လုံးတွေ၊ မှန်တွေနဲ့ ဂန္ဓကုဋီတိုက် ပုံစံမျိုး ပုံဖော်ထား ပါတယ်။ ညအချိန်မှာ ကြည်ညို သပ္ပာယ်စွာ ဖူးမြော် နိုင်ဖို့အတွက် မီးအလှဆင် ပိုင်းကို စင်ကာပူနိုင်ငံ Kres Light ကုမ္ပဏီကနေ တာဝန်ယူ ဆောင်ရွက် ပေးထားပါတယ်။ ကမ္ဘာ့ ဂင်းနစ်စံချိန် ဝင်ဖို့ ရည်မှန်းထားတဲ့ စေတီတော်ကြီး ဖြစ်လို့ အခုဆိုရင် နိုင်ငံခြားသား ခရီးသွားတွေက လာရောက် လေ့လာလျက် ရှိပါတယ်။ ပြည်တွင်း ဘုရားဖူးတွေ အနေနဲ့ ကတော့ တစ်နေ့ကို ဦးရေ ၁ဝဝဝ ကနေ ၁၅ဝဝ ကြားရှိပြီး အခါကြီး ရက်ကြီးတွေ ဆိုရင် အရေအတွက် ပိုများပါတယ်။ ရင်ပြင်တော် ပေါ်မှာထားတဲ့ အလှူခံပုံး တွေဆီကို ဘုရားဖူး ပြည်သူတွေ ထည့်ဝင် လှူဒါန်းငွေ ကတော့ တစ်လကို ငွေကျပ် သိန်း ၁၅ဝ လောက် ရှိပါတယ်။ လာရောက်သူတွေ အေးချမ်းစွာ အပန်းဖြေ အနားယူ နိုင်ဖို့ မြေနေရာ ၄ ဧကမှာ သစ်ပင် ပန်းမန်တွေကို စိုက်ပျိုးထားပြီး ပန်းဥယျာဉ် အဖြစ် ဖန်တီးပေးထား ပါတယ်။ လောလောဆယ် မှာတော့ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး ပေါ်ကနေ စေတီတော် ထိကို ကားတွေ အလွယ်တကူ လာရောက် နိုင်ဖို့ လမ်းဖောက် နေပါတယ်'' ဟု စေတီတော်ကြီး ၏ ကျောက်စိမ်း ဒီဇိုင်းများနှင့် ပန်းပုပုံများ ထုဆစ်စီမံ ပုံဖော် ကပ်လှူသည့် ပညာရှင် ဦးစိုးနိုင် (အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီ) က ပြောပြသည်။

အရည်အသွေး ကောင်းမွန်သည့် A အဆင့်ရှိ ကျောက်စိမ်း များဖြင့် ပုံဖော် ပြုလုပ်ထားပြီး ၈ ပေ ၆ လက်မ အမြင့်ရှိသည့် ကျောက်စိမ်း ငှက်ပျောဖူးကြီး ကို သင်္ကြန်ကာလ အပြီးတွင် တင်လှူပူဇော် သွားမည်ဖြစ်ရာ လက်ရှိတွင် တည်ထားမှု ကုန်ကျ စရိတ်မှာ ကျောက်စိမ်း တန်ဖိုးများ မပါဝင်ဘဲ ငွေကျပ် သိန်းပေါင်း ငါးသောင်း ကျော်ထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ထီးတော်တင် အခမ်းအနား ကျင်းပနိုင်ရေး အတွက် ကော်မတီကို ဖွဲ့စည်း ထားပြီး ဖြစ်ရာ ဥက္ကဋ္ဌ အဖြစ် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စေတီတော် ဓမ္မပူဇာတေး ကို ရေနံ့သာ ဦးစိုးလှိုင် က ရေးစပ်သီကုံး ပေးမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော် များက သီဆိုကြမည် ဖြစ်ကြောင်း သိရသည်။ (ဝ၅ဝ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger