www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 24, 2015

အော်ဂဲနစ်သီးနှံအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု စိုက်ပျိုးရေး လက်မှတ်များ ရရှိစေရန် စတင်လုပ်ကိုင်မည်



ရန်ကုန် ၊ ၂၄-၄-၂ဝ၁၅

ပြည်တွင်းရှိ အော်ဂဲနစ် သီးနှံ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အော်ဂဲနစ် စိုက်ပျိုးရေး သီးနှံများကို ပြည်ပသို့ တင်ပို့နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု စိုက်ပျိုးရေး လက်မှတ်များ ရရှိစေရေး အာရှဒေသတွင်း နိုင်ငံများနှင့် ချိတ်ဆက်၍ စတင်လုပ်ကိုင် သွားမည် ဖြစ်ကြောင်း အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ နိုင်နိုင်မော် က ပြောသည်။

ပြည်တွင်းရှိ အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ငန်းများတွင် အော်ဂဲနစ် သီးနှံအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ပြုလုပ်နိုင်ခြင်း မရှိသေး၍ ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ ပြည်တွင်း အော်ဂဲနစ် သီးနှံ စားသုံးသူ ဈေးကွက်၌လည်း အောင်မြင်ခြင်း မရှိ၍ အော်ဂဲနစ် သီးနှံစိုက်ပျိုး သူများ လျော့ကျ လာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌လည်း အော်ဂဲနစ် သီးနှံစားသုံးမှု ဈေးကွက် ကျဉ်းမြောင်း နေသည့်အပြင် အော်ဂဲနစ် သီးနှံများကို ရောင်းချသည့် ဈေးနှုန်း များမှာလည်း ပုံမှန် အတိုင်းသာ ရရှိ နေခြင်းကြောင့် အော်ဂဲနစ် စိုက်ပျိုးရေး သီးနှံများကို ပြည်ပသို့ တင်ပို့နိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

''အခုပြည်တွင်းမှာ အော်ဂဲနစ် သီးနှံ စိုက်ပျိုးမှုတွေ လျော့ကျ လာတယ်။ အဲဒါကလည်း ပြည်တွင်း စားသုံးမှု ဈေးကွက်မှာ နေရာမပေး နိုင်ဘူး။ ပုံမှန် စိုက်ပျိုးတဲ့ အသီးအနှံ တွေပဲ ဈေးရနေတယ်။ အဲဒီအတွက် စိုက်တဲ့သူ လျော့လာ တာပါ။ အော်ဂဲနစ် သီးနှံက စိုက်ရတာ ကြာတယ်။ အသီး အပွင့် နှေးတယ်။ ဒါပေမဲ့ စားသုံးသူတွေ အတွက် အန္တရာယ် မရှိဘူး။ အဲဒါကြောင့် ဈေးကွက်ရှိပြီး ဈေးပိုရမှ စိုက်တဲ့သူ များလာမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဂျပန်နိုင်ငံမှ အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင်များက မှော်ဘီ၌ စမ်းသပ် လုပ်ကိုင်နေသည့် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ငန်းများ မှာလည်း အောင်မြင်မှု ရှိကြောင်းနှင့် ပြည်တွင်း၌ စိုက်ပျိုးသည့် အော်ဂဲနစ် သီးနှံများမှာ ပြည်တွင်း စားသုံးမှု ဈေးကွက်အတွင်း စားသုံးသူ နည်းပါးနေပြီး ပြည်ပသို့ တင်ပို့ခြင်း များကိုလည်း စတင် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger