www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 25, 2015

သင်္ကြန်ကာလအတွင်း ရာဂစိတ်နိုးကြွစေသော ဆေးဝါးများအသုံးပြု လိင်ပိုင်းဆိုင်ရာ အဓမ္မမှုများ မဖြစ်ပေါ်စေရန် စီမံချက်ဖြင့် ဆောင်ရွက်


ရန်ကုန် ၊ ၂၅-၃-၂၀၁၅

မကြာမီ ကာလအတွင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကာလ သို့ ရောက်ရှိတော့မည် ဖြစ်ရာ ထို ကာလအတွင်း မြန်မာ အမျိုးသမီးများ အနေဖြင့် ပြည်ပနိုင်ငံ များမှ တရားမဝင် တင်သွင်း ထားသော ကာမ၊ ရာဂစိတ်ကို နိုးကြွစေသည့် ဆေးဝါးများ အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ အဓမ္မမှုများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ဆေး အရောင်းဆိုင် ပိုင်ရှင်များ အားခေါ်၍ အဆိုပါ ဆေးဝါးများကို ရောင်းချခြင်း မပြုရန်နှင့် ရောင်းချသည်ကို တွေ့ရှိပါက ဆိုင်ပိတ်သိမ်းပြီး ရောင်းချသူကို အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ဆွေးနွေး ဟောပြောမှု များကို မတ်လ ၁၉ ရက်မှစ၍ မြို့နယ်အလိုက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ နယ်မြေအတွင်း၌ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များရှိ နိုင်ငံခြား ဆေးဝါး ရောင်းချသူ ၄ဝ၄ ဦးအား မတ် ၂၁ ရက်က ဆွေးနွေးမှုများ ပြုလုပ် ထားကြောင်း သိရသည်။

အဆိုပါ ကာမ၊ ရာဂစိတ် နိုးကြွစေသော ဆေးဝါးများကို ဖမ်းဆီးနေမှုမှာ ယခုကဲ့သို့ သင်္ကြန်ကာလ တွင်သာ ဖမ်းဆီးနေခြင်း မဟုတ်ဘဲ ယခင် ကတည်းက ဖမ်းဆီး နေခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့) နီးကပ်စဉ် ကလည်း ယင်း ဆေးဝါးပစ္စည်းများ ရောင်းချသည့် ဆိုင်များကို ဖမ်းဆီး အရေးယူမှု ရှိခဲ့ရာ မတ် ၂၃ ရက်က တောင်ဥက္ကလာပ မြို့နယ် (၁၂) ရပ်ကွက် မာဃလမ်း နှင့် မေတ္တာ လမ်းထောင့်ရှိ ဆေးမျိုးစုံ အရောင်းဆိုင်မှ စိတ်ကြွ ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာမ၊ ရာဂစိတ် နိုးကြွစေသော ဆေးဝါးများကို ရောင်းဝယ်ခြင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူနိုင်ပြီး ပြစ်မှု ထင်ရှားပါက ဒဏ်ငွေ ငွေကျပ် ၅ဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ အထိ ဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ် အထိ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း သိရသည်။

လှမိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger