www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 25, 2015

နိုင်ငံခြားဖြစ် ၀ိုင်အမျိုးမျိုးကို တရားဝင် တင်သွင်းခွင့်ပြု


ရန်ကုန် ၊ ၂၅-၃-၂၀၁၅

အရက်၊ ဘီယာ၊ ဝိုင်စသည့် အဖျော် ယမကာများ ပြည်ပမှ တင်သွင်းမှုကို ယခင်က တားမြစ်ကန့်သတ် ထားခဲ့သော်လည်း ယခုအခါ ပင်လယ် ရေကြောင်းနှင့် လေကြောင်းမှ တရားဝင် တင်သွင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို ပြည်ပမှ တရားဝင် တင်သွင်းနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဌာနမှ ၂ဝ၁၅ ခုနှစ် မတ် ၁၇ ရက်နေ့စွဲပါ စာအမှတ် ၁၈/၂ဝ၁၅ ဖြင့် ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။ အရက်၊ ဘီယာ၊ ဝိုင် စသည့် အဖျော်ယမကာ များကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ၏ ထောက်ခံချက်နှင့် တင်သွင်းခွင့်ပြု ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ တင်သွင်းခွင့် ကန့်သတ် ထားခဲ့သည့် အရက်၊ ဘီယာနှင့် ဝိုင်စသည့် အဖျော်ယမကာ များတွင် ''ဝိုင်''သည် တိုးတက် ပြောင်းလဲလာသည့် လူမှုပုံစံများ အရ တင်သွင်းခွင့် ပြုခြင်းအပြင် အိမ်နီးချင်း နိုင်ငံများ နှင့် အာဆီယံနိုင်ငံ များတွင်လည်း တရားဝင် တင်သွင်းခွင့်ပြု နေကြသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ထိုသို့ ဝိုင် တင်သွင်းခွင့် ပြုပေးလိုက် သဖြင့် ပြည်တွင်း ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်သော ဝိုင်များကိုသာ တင်သွင်း ခွင့်ပြုခြင်း၊ တရားမဝင် တင်သွင်းဝင်ရောက် နေသည့် ဝိုင်များကို စနစ်တကျ ထိန်းချုပ် ပေးနိုင်ခြင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည်။ 

စီးပွားရေးနှင့် ကူးသန်း ရေးဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ပြည်ပမှ တင်သွင်းခွင့် မပြုသည့် ပစ္စည်းများကို ပြည်တွင်း ဈေးကွက် လိုအပ်ချက် အခြေအနေအရ အခါ အားလျော်စွာ ပြင်ဆင်ပြောင်းလဲ သင့်သည်များကို ပြင်ဆင် ပြောင်းလဲခွင့်ပြု သွားပေးမည် ဖြစ်ကြောင်း အဆိုပါ ဝိုင်တင်သွင်းခွင့်ပြု ကြေညာချက်တွင် ဖော်ပြ ပါရှိကြောင်း သိရသည်။

အဆိုပါ ခွင့်ပြု ကြေညာချက် အရ ပြည်ပမှ ဝိုင်တင်သွင်းခွင့် လျှောက်ထားသူ များသည်ကုမ္ပဏီ၊ အသင်းအဖွဲ့ မှတ်ပုံတင်၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်များ ရှိနေရမည် ဖြစ်ပြီး ဝိုင်တင်သွင်းခွင့် လျှောက်ထားသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Dealership ရှိသူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝိုင်တင်သွင်းခွင့် သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ကုမ္ပဏီ အသင်းအဖွဲ့ Letter Head လျှောက်လွှာ၊ Proforma Imvoice မူရင်း (သို့မဟုတ်) အရောင်း အဝယ်စာချုပ် မူရင်း၊ ဝိုင်တင်သွင်းခွင့် မှတ်ပုံတင်၊ တင်သွင်းလာသော ဝိုင်ပုလင်း ပေါ်တွင် ကပ်နှိပ်တင်သွင်း ဖြန့်ချိမည့် ကုမ္ပဏီ၏ အမှတ်အသား တံဆိပ်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်၊ တင်သွင်းလာမည့် ဝိုင်များကို သိုလှောင်မည့် လိပ်စာနှင့် ဖြန့်ဖြူး ရောင်းချမည့် အစီအစဉ် စသည့် အချက်အလက် များ ဖော်ပြပါရှိရမည် ဖြစ်သည်။ လျှောက်ထားသူသည် ကုမ္ပဏီ အသင်းအဖွဲ့၏ အဖွဲ့ဝင် ဒါရိုက်တာ မဟုတ်ပါက ကိုယ်စားလှယ်ကတ် ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger