www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 4, 2015

ဒေသခံပြည်သူများအား ဖမ်းဆီး ၊ ဆက်ကြေးကောက်ခံလျက် ရှိသည့် TNLA အဖွဲ့များနှင့် တပ်မတော်စစ်ကြောင်းများ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား



နေပြည်တော် ၊ ၄-၂-၂၀၁၅

မိုးကုတ်- မိုးမိတ် ကားလမ်း အရှေ့ခြမ်း ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း နှင့် ရိက္ခာ စုဆောင်းခြင်းများ ပြုလုပ် နေကြောင်း ဒေသခံ များ၏ သတင်းပေးပို့မှု များအရ တပ်မတော် စစ်ကြောင်း များက ဇန်နဝါရီ ၃ဝ ရက်တွင် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက် ကြသည်။

ထိုသို့ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း တွင် မိုးမိတ်မြို့နယ်၊ မန်ပတ်ရွာ သို့ ရောက်ရှိခဲ့ရာ ၄င်းရွာနေ ဦးအိုက်ညဲ ၄၆ နှစ်နှင့် ပြောင်းပြန်ရွာ နေ ဦးထွန်းကြည် ၄၈ နှစ်တို့အား TNLA အဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် သိန်း ၇ဝ ပေးဆောင်ရန် တောင်းဆိုခဲ့ပြီး မပေးဆောင် နိုင်သဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိရသည့် အတွက် တပ်မတော် စစ်ကြောင်း များက ဖမ်းဆီး ခေါ်ဆောင်ရာ သို့လိုက်လံ ရှင်းလင်း ကြသည်။

ယင်းသို့ ရှင်းလင်း ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာသို့ ရောက်ရှိစဉ် TNLA အဖွဲ့ထံမှ အင်အား ၂ဝ ဦးခန့်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး TNLA  ယူနီဖောင်းဝတ် အလောင်း သုံးလောင်း၊ အမ်-၂၂ သေနတ် တစ်လက်၊ ကျည်အိမ် သုံးခု၊ အမ်- ၂၂ ကျည် ၁၅ဝ တောင့်၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ ကျောပိုးအိတ် နှစ်လုံး၊ TNLA ယူနီဖောင်း တစ်စုံ၊ CDMA ဖုန်းတစ်လုံးတို့ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းနှင့် TNLA အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် ညနေပိုင်းတွင် TNLA အဖွဲ့မှ မိုးကုတ်- မိုးမိတ် ကားလမ်းပေါ်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော လွယ်ဆာ စခန်းအား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ ခြင်းကြောင့် တပ်မတော်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်လက်၍ ယမန်နေ့ နံနက်ပိုင်းတွင် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ ရွှေညောင်ပင် ကျေးရွာ၏ အနောက်ဘက် တစ်ဝိုက်တွင် TNLA အဖွဲ့ဖြင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စစ်သည် လေးဦး ကျဆုံးခဲ့၍ သုံးဦး ဒဏ်ရာ ရရှိခဲ့သည်။

TNLA အဖွဲ့ထံမှ အလောင်း ခုနစ်လောင်း၊ လက်နက်ငယ် မျိုးစုံ လေးလက် တို့အား သိမ်းဆည်း ရမိသည်။ ဖေဖော်ဝါရီ ၂ ရက် တိုက်ပွဲ စတင်ဖြစ်ပွား ချိန်မှ ယမန်နေ့ အထိ တပ်မတော်သား ငါးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိကာ TNLA အဖွဲ့ထံမှ အလောင်း ၁ဝ လောင်း၊ လက်နက်မျိုးစုံ ငါးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

TNLA အဖွဲ့အနေဖြင့် ဒေသခံ ပြည်သူများအား အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ဆောင်ရွက်လျက် ရှိခြင်းကြောင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံမှု ပျက်ပြားခဲ့ သဖြင့် တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger