www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း ဆောင်ရွက်ရန် ဘူတာကြီးပရိဝုဏ် အတွင်းရှိ စက်ရုံ အလုပ်ရုံနှင့် အဆောက်အအုံ အချို့ ပြောင်းရွှေ့မည်



ရန်ကုန် ၊ ၂၀-၂-၂၀၁၅

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘူတာကြီး ပရိဝုဏ် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ နှင့် အဆောက်အအုံ အချို့ကို ပြောင်းရွှေ့မည် ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက် ရေး စီမံကိန်းတွင် ဘူတာ အဆောက်အအုံ ကို မူလအတိုင်း ထားရှိမည် ဖြစ်ပြီး ကျန်ရှိသော မြန်မာ့ မီးရထား ပိုင်မြေ ၆၂ ဧက၌ အဆင့်မြင့် အဆောက်အအုံ များ၊ လူနေ အထပ်မြင့် အဆောက်အအုံ များ၊ ရှောပင်းမောလ် များနှင့် ဟိုတယ် စသော လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဧရိယာ အတွင်း၌ ရှိသော သိမ်ဖြူ မီးရထား ရပ်ကွက်ကို မြန်မာ့ မီးရထား ပိုင်မြေ အတွင်းရှိ သင့်လျော်သော နေရာသို့ ပြောင်းရွှေ့ ပေးမည် ဖြစ်ကာ ပါဆယ်ရုံးကို ကြည့်မြင်တိုင် သို့ ပြောင်းရွှေ့ ပေးမည်ဖြစ်ပြီး လူစီးတွဲပြင် ရုံကို မလွှကုန်းသို့ ပြောင်းရွှေ့ ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်း အကောင် အထည်ဖော် ရန် ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်း များ၏ အဆိုပြုလွှာ များကို ယခင် နှစ် ဧပြီလတွင် ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၃၄ ခုမှ တင်ပြခဲ့ပြီး ယင်း ကုမ္ပဏီများ၏ အဆိုပြုလွှာ များကို စိစစ်ကာ ကုမ္ပဏီ ၂၈ ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တင်ဒါ ဝင်ပြိုင်ရန် အကြောင်းကြား ထားသော ကုမ္ပဏီ ၂၈ ခုကို တင်ဒါ ဝယ်ယူစေရာ မြန်မာနိုင်ငံ၊ တိုင်ဝမ်၊ ကနေဒါ၊ ဂျပန်၊ တရုတ်နိုင်ငံ၊ စင်ကာပူ၊ ဂျပန် - မြန်မာ ပူးပေါင်းရေး ကုမ္ပဏီ၊ ဗီယက်နမ် - တရုတ်- မြန်မာ ပူးပေါင်းရေး ကုမ္ပဏီနှင့် မြန်မာ- စင်ကာပူ ပူးပေါင်းရေး ကုမ္ပဏီတို့က တင်ဒါ တင်သွင်းရန် အဆိုပြုလွှာများ ထုတ်ယူခဲ့ပြီး အဆိုပါ ကုမ္ပဏီ ကိုးခု အနက်မှ ကုမ္ပဏီ သုံးခုသာ တင်ဒါ အဆိုပြုလွှာများ တင်သွင်း ထားရာ လက်ရှိတွင် ရန်ကုန် ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်း လုပ်ကိုင်ခွင့် ပြုရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger