www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

ရန်ကုန်စည်ပင် ဧရိယာအတွင်း လေထု အရည်အသွေး တိုင်းထွာစက်ဖြင့် အကြို စမ်းသပ်မှုများ စတင်ဆောင်ရွက်


ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အကြို တိုင်းထွာမှုများ ဆောင်ရွက်စဉ်

ရန်ကုန် ၊ ၂၀-၂-၂၀၁၅

ရန်ကုန်မြို့တော် အတွင်း ဖန်လုံအိမ် ဓာတ်ငွေ့များ ထိန်းသိမ်း လျှော့ချခြင်းများ ဆောင်ရွက် နိုင်ရန် လေထု အရည်အသွေး တိုင်းထွာစက် လေးလုံးဖြင့် လူစည်ကား များပြားရာ မြို့နယ်များတွင် အကြို စမ်းသပ်မှုအား စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ ရန်ကုန်မြို့တော် ခန်းမရှေ့၌ အကြို စမ်းသပ် တိုင်းထွာခြင်းများ စတင် ပြုလုပ်လျက် ရှိပြီး တစ်ပတ်တာ ကာလအတွင်း ဗန္ဓုလ ပန်းခြံရှေ့၊ လှည်းတန်း လမ်းဆုံ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့ လမ်းဆုံ နှင့် အခြားနေရာ များတွင် မိုဘိုင်း ရွေ့လျား တိုင်းထွာ အသုံးပြု သွားမည် ဖြစ်သည်။

အဆိုပါ စက်များသည် အမေရိကန် နိုင်ငံထုတ် ဖြစ်ပြီး တစ်လုံးလျှင် ငွေကျပ် ၂၃၈ သိန်းကျော်ဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ဝယ်ယူကာ စင်ကာပူနိုင်ငံမှ တစ်ဆင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ရောက်ရှိ လာကြောင်း သိရသည်။

''ဒီနေ့ ဒီစက်တစ်လုံးကို အကြိုစမ်းသပ် တိုင်းတာ ကြည့်တာပါ။ သုံးနေရာ အထိုင် တပ်ထားပြီး တစ်နေရာ ကတော့ မိုဘိုင်းရွေ့လျား တိုင်းတာမှာပါ။ မိုဘိုင်း အတွက်က နေရာပေါင်း ၃၇ နေရာ တိုင်းမှာ ဆိုတော့ ရက်သတ္တ ၃၇ ပတ် ကြာမှာ ဖြစ်ပါတယ်။ ၃၇ ပတ်ပြီးရင် တစ်က ပြန်စမှာ ဖြစ်ပြီး အဖြေက ဒစ်ဂျစ်တယ် ဆိုတော့ ချက်ချင်း ထွက်ပါတယ်။ အဖြေကို ကြည့်ပြီး ဆက်လက် လုပ်ဆောင် သွားမှာပါ'' ဟု ရန်ကုန်မြို့တော် အကြို စမ်းသပ် တိုင်းထွာ နေသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက် ဌာနမှူး ဒေါက်တာ အောင်မြင့်မိုရ် က ပြောသည်။

လေထု အရည်အသွေး စောင့်ကြည့် လေ့လာရေး စက်ကို အသုံးပြုကာ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်၌ အခြေခံ Base- Line Data အနေဖြင့် တိုင်းတာမည် ဖြစ်သည်။ ထိုစက်ဖြင့် ဓာတ်ငွေ့ ငါးမျိုးဖြစ်သော ကာဗွန်ဒိုင် အောက်ဆိုက်၊ ကာဗွန်မို နောက်ဆိုက်၊ မီသိန်း နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာဖာ ဒိုင်အောက်ဆိုက် တို့ တိုင်းတာမည် ဖြစ်ပြီး လေထုထဲတွင် လွင့်နေသော အမှုန့်လေးမျိုး ဖြစ်သည့် PM 10 , PM 5 , PM 2.5 နှင့် PM 1 တို့အား ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ ဝန်ထမ်းများက ဆောင်ရွက် သွားမည် ဖြစ်သည်။

ထိုစက်မှ ရရှိသော ကိန်းဂဏန်းများ အား စံချိန်စံညွှန်း နှင့် ကိုက်ညီစေရန် လုပ်ဆောင် သွားမည်ဖြစ်ပြီး သတ်မှတ်ချက် ကျော်လွန်ပါက လျှော့ချမည့် အစီအစဉ်များ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger