www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 2, 2015

နိုင်ငံ့ဝန်ထမ်းများ နိုင်ငံခြား ပညာတော်သင် စေလွှတ်ရာတွင် ၂၀၁၅ တစ်နှစ်တာ ကာလအတွင်း ကတိခံဝန်ချက် လက်မှတ် ရေးထိုးရန် မလို


နေပြည်တော် ၊ ၂-၁-၂၀၁၅

နိုင်ငံ့ဝန်ထမ်း များ၏ စွမ်းဆောင်ရည် မြင့်မား လာစေရန်နှင့် နိုင်ငံတကာ အတွေ့အကြုံ များရရှိပြီး မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိသည့် အခါ ဌာနအတွက် အကျိုးရှိစွာ အသုံးချ နိုင်ရန် ရည်ရွယ်လျက် ပြည်ပ အဖွဲ့အစည်း များ၏ ပညာသင်ဆု ကမ်းလှမ်းမှု အစီအစဉ်အရ ပညာသင်ဆု များကို ဝန်ကြီးဌာန များနှင့် ဝန်ထမ်း အဖွဲ့အစည်း အသီးသီးသို့ စနစ်တကျ ခွဲဝေသတ်မှတ် ပေးပြီး အဆိုပြုချက် များကို စိစစ်၍ နိုင်ငံခြား ပညာတော် သင်များ စေလွှတ် ပေးလျက် ရှိသည်။

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ပါရဂူဘွဲ့ သင်တန်းသို့ ပညာသင် သုံးဦးနှင့် ဘွဲ့မယူ သော သင်တန်း ( Training ) သို့ ပညာသင် ၁၁၂ ဦး၊ စုစုပေါင်း ပညာသင် ၁၁၅ ဦးကို ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ သွားရောက် ပညာသင်ယူ ဆည်းပူးနိုင်ရေး စီမံ ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ဒီဇင်ဘာလ အတွင်း ပညာသင် ဦးရေ အများဆုံး စေလွှတ်ခဲ့သည့် နိုင်ငံများမှာ အိန္ဒိယ သမ္မတ နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နှင့် စင်ကာပူ သမ္မတ နိုင်ငံတို့ ဖြစ်သည်။

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ တစ်နှစ်တာ ကာလအတွင်း ပါရဂူဘွဲ့၊ မဟာသိပ္ပံ/ ဝိဇ္ဇာဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ သင်တန်းသို့ ပညာသင် ၃၁၁ ဦးနှင့် ဘွဲ့မယူသော သင်တန်း ( Training ) သို့ ပညာသင် ၂၅၄ဝ ဦး၊ စုစုပေါင်း ပညာသင် ၂၈၅၁ ဦးကို ပြည်ပနိုင်ငံ ၄၉ နိုင်ငံသို့ ပညာသင်ယူ ဆည်းပူးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း များအား နိုင်ငံခြားသို့ ပညာသင် စေလွှတ်ရာတွင် ၂ဝဝ၂ ခုနှစ်မှစ၍ ပြည်ပတွင် ပညာသင်ကြား ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက ပညာသင် အာမခံ လျော်ကြေးငွေ ကျပ်ငါးသန်း တိတိကို ကာယကံရှင်မှ သော်လည်းကောင်း၊ ၄င်း၏ ဆွေမျိုးရင်းချာ များမှ သော်လည်းကောင်း ပေးလျော်စေရန် ကတိ ခံဝန်ချက်တွင် လက်မှတ် ရေးထိုး၍ စေလွှတ်သည့် အစဉ်အလာကို ကျင့်သုံးခဲ့သည်။

ယခုအခါ နိုင်ငံတော် သမ္မတ ၏ စေတနာထား လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်း များ၏ ပညာသင် အခွင့်အလမ်းများ ပိုမို တိုးများလာရေး အားပေးအားမြှောက် ပြုသည့် အနေဖြင့် လည်းကောင်း၊ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက် တတ်ကျွမ်းလာသည့် ပညာဖြင့် နိုင်ငံတော်နှင့် မိခင်ဌာနကို အလုပ်အကျွေး ပြုနိုင်ရေးအတွက် ရည်ရွယ်၍ လည်းကောင်း၊ ဖော်ပြပါ ကတိခံဝန်ချက် လက်မှတ် ရေးထိုးရသည့် လုပ်ငန်းစဉ်ကို စမ်းသပ်ကာလ အဖြစ် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ် ကင်းလွတ် ခွင့်ပြု ပေးထားပြီးဖြစ်၍ ၂ဝ၁၅ ခုနှစ်အတွင်း ၌ နိုင်ငံခြား ပညာသင် သွားရောက်မည့် နိုင်ငံ့ဝန်ထမ်း များသည် ကတိခံဝန်ချက် လက်မှတ် ရေးထိုးရန် မလိုအပ် တော့ကြောင်းလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၊ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ် စေလွှတ်ရေး ကော်မတီ က အသိပေး ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger