www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 7, 2014

ဆယ်ကျော်သက် အရွယ်များ လက်ကိုင်ဖုန်း သုံးစွဲမှုအပေါ် မိဘများစိုးရိမ်မှုများ ရှိနေ



ရန်ကုန် ၊ ၇-၁၂-၂၀၁၄

ဆယ်ကျော်သက် အရွယ်ဖြစ်သော အလယ်တန်း နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်းကို ကျယ်ပြန့်စွာ သုံးစွဲမှုအပေါ် မိဘများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

''အခုဆင်းကတ် က ၁၅ဝဝ ကျပ်လောက်ပဲ ရှိတယ်။ ဖုန်းကလည်း ဈေးသိပ် မရှိတော့ ကိုယ့်ကလေးကို ဖုန်းကိုင် စေချင်တဲ့ အတွက် ဝယ်ပေးကြ တယ်။ ဒါပေမဲ့ ကလေးတွေက အင်တာနက် ကြည့်တယ်၊ ဂိမ်း ကစားတယ်။ အချို့က မကြည့်သင့်တဲ့ ပုံကြည့် ကြတယ်။ လမ်းမှား ရောက်ဖို့ ပိုလွယ်နေတယ်။ ဒါကြောင့် အရမ်းကို စိုးရိမ်မှုတွေ ရှိနေကြ ပါတယ် ... '' ဟု အဋ္ဌမတန်း ကျောင်းသား တစ်ဦး၏ ဖခင် ဖြစ်သူက ပြောသည်။

ဆယ်ကျော်သက်များ အနေဖြင့် လက်ကိုင်ဖုန်း သုံးစွဲရာတွင် ဖုန်းခေါ်ဆိုမှုထက် အင်တာနက် နှင့် ဂိမ်းကစားခြင်း များကို ပို၍ အသုံးပြုကြ ကြောင်း၊ အလယ်တန်း နှင့် အထက်တန်း အရွယ်များတွင် ထိုသို့ အသုံးပြု နေကြောင်း ဆယ်ကျော်သက် များ ဖုန်းသုံးစွဲ မှုကို လေ့လာသူ တစ်ဦးက ပြောသည်။ ''အစိုးရအနေ နဲ့ ဆယ်ကျော်သက် အရွယ်တွေကို လက်ကိုင်ဖုန်း အဓိကအား ဖြင့် စမတ်ဖုန်းတွေ သုံးတာကို ဥပဒေနဲ့ တားမြစ်သင့် ပါတယ်။ ဒါမှ ကလေးသူငယ် တွေ အမှားနဲ့ ရင်မဆိုင်ရမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်း ယူဆောင်လာမှု အပေါ်တွင် ပိတ်ပင် ထားကြောင်း နှင့် ယူဆောင် လာပါက အပြစ်ပေး အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းတစ်ခုမှ ကျောင်းအုပ် ကြီးတစ်ဦးက ပြောသည်။ ''ကျောင်းကို ဖုန်းယူလာရင် သိမ်းတယ်။ စာမေးပွဲပြီးမှ ပြန်ပေးတယ်။ အချို့မိဘ တွေကကလေး ပူဆာတိုင်း အလိုလိုက်ပြီး ဖုန်းဝယ် ပေးကြတယ်။ ဖုန်းဝယ်ပေးတဲ့ အတွက် အန္တရာယ်ကို ဖိတ်ခေါ် နေသလိုပါပဲ။ အိမ်ကို အရေးအကြောင်း ဖုန်းခေါ်စရာ ရှိရင် ဆရာ၊ ဆရာမ တိုင်းမှာ ဖုန်းရှိတယ်။ ကလေးတွေကို ဖုန်းပေးမ ကိုင်သင့်ပါဘူး။ ဒါကို မိဘတွေ သိစေချင် ပါတယ် ... ''ဟု ၄င်းက ဆက်လက် ပြောသည်။ 

မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်မှစ၍ မိုဘိုင်းလ်ဖုန်း ဆင်းကတ် ဈေးနှုန်းများ ကျဆင်းခဲ့ သောကြောင့် လူတိုင်းနီးပါး ဖုန်းကိုင်ဆောင်လျက် ရှိသည်။(၄၄၅)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger