www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 10, 2014

ခွေးရူးနှိမ်နင်းရေး အရေးကြီးပြီ


ခွေးရူးနှိမ်နင်းရေး အရေးကြီးပြီ 

ဒေါက်တာ အေးမင်းထူး

ခွေးရူးအကြောင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်က ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ အခုလဲ အကြောင်းသင့်လို့ ထပ်ရေး ပါရစေ။ ဘာကြောင့်လဲ ဆိုတော့ ဒီရက်ပိုင်း အတွင်းမှာပဲ ခွေးကိုက် ခံရတဲ့လူနာတွေ နေ့စဉ်ရက်ဆက် ဆိုသလို လာပြကြ လို့ပါ။ ပျမ်းမျှ အချိုးချ ကြည့်ရင် နှစ်ရက် တစ်ယောက်နှုန်း လောက် ရှိမယ် ထင်ပါတယ်။ အများ သိထားသလို ခွေးကိုက်ပြီ ဆိုတာနဲ့ ခွေးရူး ကာကွယ်ဆေး ထိုးရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခွေးရူး၊ ခွေးကောင်း မခွဲခြားနိုင် လို့ပါ။ ခွေးရူး ကာကွယ်ဆေး တစ်လုံးရဲ့ ဈေးက ဒီနေ့ခေတ် ပေါက်ဈေးနဲ့ သောင်းဂဏန်း လောက် ရှိပါတယ်။ ဆေးထိုးတဲ့အခါ တစ်လုံးတည်း ထိုးလို့ မရပါဘူး။ အနည်းဆုံး လေးလုံး၊ ငါးလုံး ထိုးရပါတယ်။ ထိုးတဲ့အခါ လက်မောင်း (သို့မဟုတ်) ပေါင်ကို အသားဆေး ထိုးရတယ်။

မေးစရာ ရှိတာက မတတ်နိုင်လို့ ကာကွယ်ဆေး မထိုးဘူး ဆိုရင် ဘာဆက်ဖြစ်မလဲ။ အကိုက်ခံရတာ ခွေးကောင်း ဆိုရင် ပြဿနာ မရှိပါ။ ကံဆိုးလို့ ခွေးရူးကိုက် ခံရတယ်ဆိုရင် ကာကွယ်ဆေး ထိုးဖို့ လိုကို လိုအပ်ပါတယ်။ မထိုးနိုင်ရင် ဗိုင်းရပ်စ်ပိုးက အာရုံကြောထဲ ရောက်သွား တာနဲ့ ဆရာဝန်လဲ မကယ်နိုင် ပါဘူး။ အဲဒီ အချိန်ကျမှ ထိုးချင်လို့လဲ မရတော့ ပါဘူး။ ရောဂါ လက္ခဏာတွေ ပေါ်ပေါက်ပြီး နောက်ဆုံးမှာ သေဆုံး ရပါတယ်။ ခွေးရူး အကိုက်ခံရရင် သေနှုန်းက ၁ဝဝ ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒါကြောင့် ဆရာဝန်တွေ ဘက်က ကာကွယ်ဆေး ထိုးဖို့ ပြောကြတာ ဖြစ်ပါတယ်။

ခွေးကိုက် ခံရသူ အမျိုးမျိုး ရှိပါတယ်။ တချို့ခွေးက ပိုင်ရှင် ရှိပေမယ့် တချို့ခွေးတွေ ကတော့ လမ်းဘေးက ခွေးလေ ခွေးလွင့်တွေ ဖြစ်ကြတယ်။ ဆေးခန်းမှာ မကြာခဏ ရှင်းနေရတဲ့ ပြဿနာက ခွေးပိုင်ရှင် တွေနဲ့ပါ။ သူတို့ခွေးကို ကာကွယ်ဆေး ထိုးပြီးသား ဖြစ်လို့ ခွေး အကိုက်ခံ ရရင် ခွေးရူး ကာကွယ်ဆေး ထိုးဖို့ မလိုအပ်ဘူး ဆိုတာမျိုး ပြောတတ် ကြတယ်။ သူတို့အမြင်နဲ့ မှန်တယ် ထင်ရပေမယ့် လက်တွေ့မှာ မမှန်ပါ။ ဘာကြောင့် လဲဆိုတော့ ကာကွယ်ဆေး ထိုးပြီးတိုင်း ဆေးအောင် တယ်လို့ ဘယ်သူကမှ ၁ဝဝ ရာခိုင်နှုန်း အာမခံချက် မပေးနိုင် လို့ပါ။ တိရစ္ဆာ န် ဖြစ်လို့ ပိုဆိုး ပါတယ်။ ဒါဆို ခွေးတွေကို ကာကွယ်ဆေး ထိုးထားတာ အသုံးမဝင် ဘူးလား မေးစရာ ရှိတယ်။ ဆေးအောင်၊ မအောင် ပြန်စစ်ထား သူတွေ အတွက်တော့ အကျုံးဝင် ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ၂ဝ၁ဝ ပြည့်နှစ် တုန်းက ဆွီဒင်နိုင်ငံမှာ လေ့လာမှု တစ်ခု လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုဟာ ခွေးပေါင်း ၆၈ဝဝ ကျော်ကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး ကာကွယ်ဆေး ထိုးပြီး သုံးလ အကြာမှာ ဆေးအောင်၊ မအောင်ပြန်လေ့လာ ထားပါတယ်။ ဆေးထိုးပြီး တက်လာတဲ့ ခုခံအား ပမာဏ သုည ဒသမ ၅ IU/ml ရှိတဲ့ ခွေးတွေကို ကာကွယ်ဆေး အောင်တယ်လို့ သတ်မှတ်ပါတယ်။ အဲဒီမှာ ၉၁ ရာခိုင်နှုန်းဟာ ဆေးအောင် ကြတယ် ဆိုတာ တွေ့ရတယ်။ သတိပြုရမှာက စမ်းသပ်တာ ဆွီဒင်နိုင်ငံပါ။ မြန်မာနိုင်ငံ မဟုတ်ပါဘူး။ ဆွီဒင်ဆိုတာ ခွေးရူးကင်းစင် နိုင်ငံအဖြစ် သတ်မှတ် ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အများစုဟာ အိမ်မှာ တယုတယ ထားပြီး မွေးကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့လို ခွေးလေ ခွေးလွင့် ပေါများတဲ့ နိုင်ငံမျိုး မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ ခွေးတစ်ကောင် အကိုက်ခံ ရတာနဲ့ တခြားကို ကူးစက်ဖို့ အခွင့်အလမ်းများ ပါတယ်။ ဒါတင် မကသေးဘူး။ 

ကာကွယ်ဆေး ထိုးပြီးတိုင်း စိတ်ချလို့ မရတဲ့ အချက်တွေ ရှိတယ်။ ဥပမာ- ထိုးတဲ့ ကာကွယ်ဆေးရဲ့ ကွာလတီကလဲ အရေးကြီးတယ်။ စောစော ထိုးတဲ့ခွေး (ခြောက်လအောက်) နဲ့ အသက်ကြီးမှ ထိုးတဲ့ ခွေး (ငါးနှစ်အထက်) တွေဟာ ကာကွယ်ဆေးကို တုံ့ပြန်မှု နည်းပါတယ်။ ဒီအချက်တွေ ကိုပါ ထည့်သွင်း စဉ်းစားရတယ်။ သေချာတာက ကာကွယ်ဆေးရဲ့ အောင်မြင်မှုက မြန်မာနိုင်ငံမှာ ၉ဝ ရာခိုင်နှုန်း ရဲ့ အောက်မှာပဲ ရှိပါတယ်။ အနည်းဆုံး ခွေး (၁ဝ)ကောင်မှာ (၁)ကောင်ဟာ ဆေး မအောင်ပါဘူး။ ဒါကြောင့် ခွေးပိုင်ရှင် တွေကို မေတ္တာရပ်ခံ ချင်တာက လူ့အသက်နဲ့ အလောင်းအစား မလုပ်ပါနဲ့။ စာနာစိတ် ထားပြီး ခွေးကိုက်ခံ ရသူတွေ အတွက် တာဝန်ယူ ဆောင်ရွက်ပေးဖို့ လိုအပ် ပါတယ်။

ခွေးကိုက်ခံ ရသူတွေကို လေ့လာကြည့်ရင် အများစုက ပိုင်ရှင်မဲ့ လမ်းဘေးခွေး အကိုက်ခံရသူတွေ ဖြစ်ကြတယ်။ ပိုင်ရှင်မရှိတဲ့ ခွေးတွေအတွက် ဘယ်သူမှ တာဝန်မယူ ပါဘူး။ အဲဒီအတွက် ကိုယ့်ပိုက်ဆံ နဲ့ကိုယ် အကုန်ကျခံပြီး ဆေးထိုးရတယ်။ တကယ်လို့ အကိုက်ခံ ရတဲ့သူက တတ်နိုင်သူ ဆို တော်သေးရဲ့။ တစ်ခါတစ်ရံ လူနာတွေထဲမှာ ဆင်းရဲသူတွေ ပါရင် စိတ်မကောင်း စရာပါ။ ထိုးတော့ ထိုးချင်ပါရဲ့။ ဆေးဖိုး မတတ်နိုင်လို့ ဆေးမထိုးရ သူတွေ အများကြီး ရှိပါတယ်။ ခွေးကိုက်ခံ ရတာနဲ့ လေး၊ ငါး၊ ခြောက်သောင်း လောက် ထွက်ဖို့ သေချာနေပြီ မဟုတ်ပါလား။ စားဝတ် နေရေး အဆင်ပြေအောင် နေ့စဉ် ရုန်းကန် နေရသူတွေ ဖြစ်လို့ အပိုဝင်ငွေ ဆိုတာ နတ္ထိပါ။ ဒီထဲမှာ အများစုဟာ သွားရင်း၊ လာရင်း၊ ဈေးရောင်းရင်း၊ ပစ္စည်းပို့ရင်း ခွေးကိုက်ခံကြ ရတာပါ။ လုပ်ရင်း ကိုင်ရင်းနဲ့ အကြောင်းမဲ့ အကိုက်ခံ နေရတယ်။ ကိုက်တဲ့ ခွေးတွေက လမ်းဘေးက ခွေးလေ ခွေးလွင့် တွေ ဖြစ်ပါတယ်။

ဆေးပညာမှာ ရောဂါကို ကုမှာလား၊ ဝေဒနာကို ကုမှာလား ဆိုတဲ့ ပြဿနာတစ်ရပ် ရှိပါတယ်။ ဥပမာ - လူတစ်ယောက် ရောဂါပိုးကြောင့် အဖျားတက် လာတယ်။ ဒီအတွက် အဖျားကျဆေး သောက်ကြတယ်။ အဖျားကျဆေး ဆိုတာက ခံစားရတဲ့ ဝေဒနာကို သက်သာစေဖို့ ရည်ရွယ်တယ်။ သစ်ပင်လို ဆိုရင် အပေါ်ယံ အကိုင်းကိုပဲ ခုတ်လိုက် တာပါ။ ပင်စည် ကျန်သေးလို့ နောက်အတက် တွေက ထွက်လာအုံး မှာပဲ။ သူ့ နောက်ကွယ်က ဖြစ်စေတဲ့ အကြောင်းရင်း ကိုရှာပြီး ကုသမှ ရောဂါ ပျောက်ပါတယ်။ အခုလဲ အလားတူပါပဲ။ မျက်စိ နောက်တိုင်း ကိုက်တတ်တဲ့ လမ်းဘေး ခွေးတွေသာ မရှိရင် ပြဿနာက ဒီလောက် မကြီးပါဘူး။

ခွေးကိုက် ခံရသူတွေ ဒီလောက်မများ ပါဘူး။ အကြောင်းရင်းက ခွေးလေ ခွေးလွင့် ပေါများနေခြင်း ဖြစ်ပါတယ်။ လမ်းဘေးခွေး တွေကို မရှင်းလင်း နိုင်သရွေ့ ဒီပြဿနာက မပြေလည်ပါဘူး။ အကြောင်းမဲ့ ခွေးကိုက်ခံရ တာကို မကာကွယ် နိုင်ပါဘူး။ နောက်တစ်ချက် က ခွေးမွေးတဲ့ ပိုင်ရှင်တွေ အနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူဖို့ ဖြစ်ပါတယ်။ ကျွေးထားရုံနဲ့ တာဝန်ကျေပြီ မထင်စေချင်ပါ။ ကိုယ့်ခွေးက သူတစ်ပါးကို မနှောင့်ယှက်နိုင် အောင်လဲ ထိန်းသိမ်းဖို့ စနစ်တကျ မွေးမြူဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံက ခွေးတွေကတော့ အဘက်ဘက်က လွှတ်ပေး ထားတာ ဖြစ်လို့ ကံကောင်းကြရှာ ပါတယ်။ ကံမကောင်း တာက လူတွေ မဖြစ်ဖို့ လိုအပ်ပါတယ်။

၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာပေါ်မှာ ခွေးရူးကင်းစင် သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း (၂၁) နိုင်ငံ ရှိပါတယ်။ အများစုဟာ ဥရောပ နိုင်ငံတွေချည်း ဖြစ်ကြတယ်။ အာရှနိုင်ငံ တွေထဲမှာ ဂျပန် တစ်နိုင်ငံပဲ ပါတာ တွေ့ရတယ်။ မြန်မာနိုင်ငံ ပါဖို့ဆိုရင် ခွေးနှိမ်နင်းရေး သာမက ခွေးမွေးမယ့် သူတွေကိုပါ ပညာပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခွေးကိုက်တဲ့ အခါတိုင်း တကယ် ဆုံးရှုံး နေရတာ နိုင်ငံတော် နဲ့ ပြည်သူတွေ ဖြစ်လို့ပါ။ အခုထိုးနေတဲ့ ကာကွယ်ဆေး တွေက နိုင်ငံခြားက လာပါတယ်။ ခွေးကိုက် ခံရလို့ တကယ် အမြတ်ထွက် တာက နိုင်ငံတော် မဟုတ်ပါဘူး။ ထုတ်လုပ်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ကိုက်သမျှ လူနာ ဆေးထိုး နေရတာ ပြည်သူ့ဘဏ္ဍာ တွေနဲ့ပါ။ တစ်နည်း အားဖြင့် နိုင်ငံ့ဘဏ္ဍာ တွေ အလဟဿ ဆုံးရှုံး နေရခြင်း ဖြစ်ပါတယ်။ တွေးကြည့်ရင် နှမြောစရာလဲ ကောင်းပါတယ်။ ကျန်းမာရေး အတွက် ပံ့ပိုးမှုကလဲ အခုထိ မလုံလောက် သေးပါဘူး။ လုံလောက်အောင် လုပ်ဖို့က ကာကွယ်ဆေး မဟုတ်ပါဘူး။ ခွေးတွေကို စနစ်တကျ မွေးမြူဖို့ နဲ့ လမ်းဘေး ခွေးတွေ ကင်းစင်စေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် အာဏာပိုင် အဖွဲ့အစည်း တွေအနေနဲ့ တတ်နိုင်တဲ့ ဘက်က ကူညီ ဆောင်ရွက် ပေးသင့်ပါတယ်။ ခွေးလေ၊ ခွေးလွင့် နှိမ်နင်းရေး စီမံချက်တွေ နဲ့ လုပ်ဆောင် ဖို့ အရေးကြီးပြီလို့ ယူဆပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger