www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 3, 2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြား လေကြောင်းလိုင်း ပုံမှန်ခရီးစဉ်များ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွင့်လှစ်ချိန်တွင် ရွှေ့ပြောင်းရမည်



ရန်ကုန် ၊ ၂-၁၁-၂၀၁၄

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် မှ နိုင်ငံခြား လေကြောင်းလိုင်း ပုံမှန် ခရီးစဉ်များကို ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ် ဖွင့်ပြီးချိန်တွင် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောသည်။

ထိုသို့ နိုင်ငံခြား လေကြောင်းလိုင်း ပုံမှန် ခရီးစဉ်များ ရွှေ့ပြောင်းရမည် ဖြစ်သော်လည်း ရန်ကုန်လေဆိပ် ကို အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် ဆက်လက် သတ်မှတ် သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ များက ပြောသည်။

'' နိုင်ငံတကာအဆင့် လေဆိပ်တစ်ခုကို ကျွန်တော်တို့ အဆင့်လျှော့မှာ မဟုတ်ပါဘူး။ နိုင်ငံခြား လေကြောင်း ပုံမှန်ခရီးစဉ် တွေကိုပဲ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စဖွင့်ချိန်မှာ ရွှေ့ပြောင်းမှာပါ ... '' ဟု ၄င်းက ပြောသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ကို အဆင့်မြှင့်တင် လျှင်ပင် ခရီးသည် ဦးရေ ခြောက်သန်း ခန့်သာ အများဆုံး ဝင်ဆံ့နိုင်မည် ဖြစ်သောကြောင့် ရန်ကုန်မြို့ နှင့် မိုင်အနည်းငယ် အကွာအဝေး တွင်ရှိသော ပဲခူးမြို့ အနီးတွင် ခရီးသည် ၁၂ သန်းခန့် ဝင်ဆံ့နိုင်မည့် အပြည်ပြည် ဆိုင်ရာ လေဆိပ်အသစ် ကို တည်ဆောက်ရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

''ရန်ကုန်လေဆိပ် က လေယာဉ်မှာ ပါတဲ့ ခရီးသည်တွေ၊ ကုန်တွေ လောက်ပဲ ဝင်ရောက် နိုင်တယ်။ လေယာဉ်နဲ့ သယ်ယူ ပို့ဆောင်တဲ့ ကုန်တင် လေယာဉ်ကြီးတွေ ဝင်လို့ မရဘူး။ ကျွန်တော်တို့ ဆီမှာ ဈေးကွက်က ဘယ်လောက်ပဲ ရှိနေရှိနေ လက်ခံလို့ မရဘူး ဖြစ်နေတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က ပြောသည်။

၂ဝ၁၃ ခုနှစ်တွင် ရန်ကုန်လေဆိပ် သို့ ပြည်တွင်းပြည်ပ ခရီးသည် အဝင်အထွက် ဦးရေ သုံးသန်းခန့် ရှိခဲ့ပြီး ခရီးသည် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန် နေပြီဖြစ်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ကောင်းစွာ ဆောင်ရွက် နိုင်ခြင်း မရှိတော့သည့် အတွက် ဟံသာဝတီ လေဆိပ် မဖွင့်မီ အထိသာ နိုင်ငံခြား လေကြောင်း ပုံမှန် ခရီးစဉ်များကို ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် မှ လက်ခံမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger