www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 3, 2014

မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ကျေးရွာများ ရွှေ့ပြောင်းနေရမှု များကို နိုင်ငံတော်မှ တိုက်ရိုက်ဖြေရှင်း ပေးရန် ဧရာဝတီမြစ်ကမ်း နေထိုင်သူများ လိုလားလျက်ရှိ


မြစ်ကြောင်း ပြောင်းလဲမှုဒဏ်ကြောင့် ကမ်းပြိုမှုရှိသည့် ဧရာဝတီမြစ်ကမ်း နဖူးပေါ်မှ ကျေးရွာတစ်ရွာ ကို တွေ့ရစဉ်

စလင်း ၊ ၃-၁၁-၂၀၁၄

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်းတွင် သစ်တော အလွန်အကျွံ ပြုန်းတီးမှု နှင့် စနစ်တကျ တူးဖော်ခြင်း မဟုတ်သော ရွှေတူးဖော်ခြင်း ကြောင့် မြစ်ကြမ်းပြင် မြင့်တက် လာကာ မြစ်ကြောင်း ပြောင်းလဲမှု များကို ဧရာဝတီမြစ် အနောက်ဘက် ကမ်းရှိ တောင်သူများ တိုက်ရိုက်ခံစား နေကြရပြီး ကျေးရွာများ ပြောင်းရွှေ့ရမှု ဆက်တိုက် ဖြစ်ပေါ်လျက် ရှိရာ နိုင်ငံတော် အနေဖြင့် မြစ်ကြောင်း ထိန်းသိမ်းမှုကို တိုက်ရိုက် ဖြေရှင်း အကူအညီ ပေးရန် အလျင်အမြန် လိုအပ်လျက် ရှိကြောင်း မြစ်ကြောင်း ပြောင်းလဲမှု ဒဏ်ကြောင့် ရွာသုံးကြိမ် ပြောင်းရွှေ့ခဲ့ ရသော စလင်းမြို့နယ် ၊ သနပ်ကုန်း ရွာသားများ ထံမှ သိရသည်။

''သနပ်ကုန်းရွာ ကတော့ သုံးကြိမ် ပြောင်းပြီးပြီ။ အခု သရက်ကုန်းရွာ ကတော့ တစ်ရွာလုံး ပြောင်းရွှေ့ဖို့ အဆောက်အအုံ တွေ ဖျက်နေပါပြီ။ ဒါ့အပြင် ကျေးရွာပေါင်း ၂ဝ လည်း မကြာခင် ပြောင်းရွှေ့ရဖို့ အခြေအနေ ရှိနေပါတယ် ... ''ဟု သရက်ကုန်းရွာ မှ ဒေသခံတစ်ဦး က ပြောသည်။

အိမ်ဝိုင်း မဝယ်နိုင်သူများ အနေဖြင့် ငွေကြေး တတ်နိုင်သူ များမှ ပစ်ထားခဲ့သော ကမ်းနားများ၌ ရှိသည့် ပြိုကျခါနီး အိမ်ဝိုင်း အဟောင်း ကွက်လပ်များတွင် ကမ်းပါး အခြေအနေကို ကြည့်ပြီး နည်းနည်းချင်း ပြောင်းရွှေ့ နေထိုင် ကြရကြောင်း၊ ယင်းအပြင် သရက်ကုန်းရွာ အနီး ငွေသောင်း ကျေးရွာ မှာလည်း မကြာခဏ ဆိုသလို ကျေးရွာ ပြောင်းရွှေ့နေ ရကြောင်း သိရသည်။

ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းမှုကို မန္တလေးမှ မြစ်ကြောင်း အနက် တူးဖော်ခြင်းဖြင့် စတင် ထိန်းသိမ်းမည် ဆိုသော်လည်း စလင်း မြို့နယ်သို့ မရောက်မီ မြစ်ကမ်းပါး အနီးမှ ကျေးရွာမြေ နေရာများ ပျောက်ကွယ် သွားနိုင်ကြောင်း သိရသည်။

ယင်းသို့ ကျေးရွာများ ပြောင်းရွှေ့ရမည့် အချိန်တွင် နောက်ထပ် ကျေးရွာတည်ရန် မြေဝယ်ရန် လူစုရပြီး အနည်းဆုံး ဦးရေ ၂ဝ လောက် ရမှသာ စုပေါင်း ပြောင်းရွှေ့ရသည့် အပြင် အိမ်ဖျက်သယ်ယူ ရာတွင်လည်း ကားတစ်စီး ငှားရမ်းခ ငွေကျပ် ၁၅ဝဝဝ ပေးရကြောင်း ဧရာဝတီ မြစ်ကမ်းပါး အနီးမှ ပြောင်းရွှေ့ခဲ့ သူများထံမှ သိရသည်။ အဆိုပါ ကျေးရွာများ၌ နေထိုင်သူများ အနေဖြင့် ကိုင်းကျွန်းများ ကိုသာ မှီခို စိုက်ပျိုး စားသောက်နေ ရသဖြင့် မြစ်နှင့် ခပ်ဝေးဝေးတွင် ပြောင်းရွှေ့ နေထိုင်ချင် သူများ မရှိကြောင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း မှ ကိုင်းတောင်သူ များထံက သိရသည်။ (၄၄၉)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger