www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 17, 2014

စက်မှုနိုင်ငံသစ်ဆီသို့


စက်မှုနိုင်ငံသစ်ဆီသို့

ယနေ့ ကမ္ဘာပေါ်၌ သိပံ္ပနှင့် နည်းပညာ နယ်ပယ်အသီးသီး ရှိ ဖွံ့ဖြိုး တိုးတက်မှု များမှာ တစ်ချိန်သော အခါက တီထွင်သော သူများ၏ အကျိုးကျေးဇူး များနှင့် မျက်မှောက်ကာလ တီထွင်သူများ ၏ စွမ်းဆောင်မှု များကြောင့် အောင်မြင် ဖြစ်ထွန်းမှုများ ပေါ်ထွန်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဈေးကွက် စီးပွားရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးပြီး ဒီမိုကရေစီစနစ် ကို အကောင်အထည် ဖော်သော အခါတွင် လူမှုဘဝနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လုပ်ငန်းများ ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်များ ရရှိ လာခဲ့သည်။

ထိုသို့ လုပ်ကိုင်ခွင့် ပေးရာတွင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး လှုပ်ရှားမှု၏ ကျောရိုး မဏ္ဍိုင်လည်း ဖြစ်၊ အားလုံးပါဝင် လုပ်ကိုင် နိုင်သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အမျိုးအစား လည်းဖြစ်၊ ဆင်းရဲမှု လျှော့ချရေး အတွက် အဓိက သော့ချက်လည်း ဖြစ်သည့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို နိုင်ငံတော်က အားပေးမြှင့်တင် ထူထောင်ခွင့် ပေးလျက် ရှိသည်မှာ အလွန် ကောင်းမွန်သည်။

မြန်မာနိုင်ငံတွင် တည်ထောင်ပြီး ဖြစ်သော နိုင်ငံတစ်ဝန်းမှ စက်မှုဇုန် အများစုမှာ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်မှု အချိန်ကာလမှာ မကြာမြင့်သေး သောကြောင့် အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ အရေအတွက် နည်းပါးပြီး ဈေးကွက် ယှဉ်ပြိုင်မှု မရှိသေး သည်ကို တွေ့ရမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့် ကိုက်ညီသည့် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေမူကြမ်း ကို မြန်မာနိုင်ငံမှ စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ကျွမ်းကျင် သူများ ပါဝင်ညှိနှိုင်း ရေးဆွဲပြီး အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု၊ အတားအဆီး အဟန့်အတား များကို ဖယ်ရှား ပေးနိုင်မှု၊ လူသား စွမ်းရည် အရင်းအမြစ်များ ရရှိမှု၊ ဖွံ့ဖြိုးမှု၊ ဈေးကွက် ဝင်ဆံ့မှု စသည့် လုပ်ငန်း အောင်မြင် ဖြစ်ထွန်းရေး အတွက် လိုအပ်သည့် အစီအမံ များကို နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက် နှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက် နေပြီ ဖြစ်သည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တီထွင်ဖန်တီး လုပ်ကိုင်ခွင့် ရှိသော အဆိုပါ လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုး စေရန် နိုင်ငံတော်၏ အကူအညီ ပေးမှုနှင့်အတူ ပြည်သူ တစ်ရပ်လုံး ကလည်း တက်ကြွစွာ ပါဝင်လုပ်ကိုင် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

ယခုအခါ တည်ရှိပြီး ဖြစ်သော စက်မှုဇုန် များမှာ အဆိုပါ လုပ်ငန်း၏ အခြေခံ တည်ဆောက်မှု များဖြစ်၍ စက်မှုဇုန် များကို ပြုပြင် ပြောင်းလဲ၍ လွယ်ကူ သက်သာစွာဖြင့် လုပ်ငန်းများ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ဝိုင်းဝန်းကူညီ ကြရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း များကို အခြေခံသည့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက် သည့် စက်မှုနိုင်ငံသစ် ဆီသို့ ဦးတည်ကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger