www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 19, 2014

မိမိကိုယ်ကိုသာ ယုံကြည် အားကိုးရာ


မိမိကိုယ်ကိုသာ ယုံကြည် အားကိုးရာ

ယနေ့ခေတ် လူမှုဘဝ ပတ်ဝန်းကျင်တွင် မိမိကိုယ်ကို ယုံကြည်စွာဖြင့် လုပ်ကိုင် ဆောင်ရွက် နေရခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ထိုသို့ အစစအရာရာ တွင် မိမိကိုယ်ကို ယုံကြည် အားကိုး နိုင်ရန်အတွက် ကိုယ်ကိုယ်တိုင် တွင် အားကိုး နိုင်လောက်သည့် အရည်အချင်း များ၊ အရည်အသွေး များ ပြည့်ဝနေအောင် ပထမဦးစွာ လေ့ကျင့်ကြ ရမည် ဖြစ်သည်။

မိမိကိုယ်ကို ပထမဆုံး ဖြည့်ဆည်းသည် ဆိုရာတွင် ''အတ္တာနမေဝ ပထမံ'' ဟူသည့် မိမိကိုယ်ကို ကောင်းအောင် ပထမဆုံး ဆောက်တည်ရန် လိုအပ်ကြောင်း မြတ်စွာဘုရား က ဟောကြား ဆုံးမခဲ့သည်။ ဦးစွာပထမ မိမိဘဝ အတွက်၊ မိမိ မိသားစု အတွက်၊ မိမိ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိမိနိုင်ငံ၊ နောက်ဆုံးတွင် လူသား မျိုးနွယ်စု တစ်ခုလုံးအတွက် ကောင်းကျိုးများ ဆောင်ကြဉ်း ပေးနိုင်သူ တစ်ဦးချင်း ဖြစ်လာအောင် ကြိုးပမ်းကြ ရမည် ဖြစ်သည်။

အရွယ်သုံးပါး ၏ ပထမအရွယ် ဖြစ်သည့် ပညာရှာစဉ် အရွယ် ကတည်းက အသိပညာ၊ ဗဟုသုတ၊ ပညာခွန်အား ပြည့်ဝနေစေရန် စာပေ ဖတ်ရှုခြင်း၊ ဒေသန္တရ ဗဟုသုတ လေ့လာဆည်းပူး ခြင်းတို့ဖြင့် ကျင့်ကြံဖြည့်ဆည်း ကြရမည်။ ဒုတိယအရွယ် ဥစ္စာပစ္စည်း ရှာချိန်တွင်လည်း မိမိ၏ အသိဉာဏ် ခွန်အားကို အသုံးပြုကာ ဘဝတစ်သက်တာ အတွက် စီးပွားဥစ္စာ ရှာဖွေရမည် ဖြစ်သည်။ တတိယ အရွယ်တွင် တရားဘာဝနာ ရှာမှီးခြင်း လုပ်ငန်းစဉ် တို့ကို စိတ်အေး လက်အေးဖြင့် အဆင့်လိုက် စနစ်တကျ လုပ်ဆောင်ကြ ရမည် ဖြစ်သည်။

ငယ်စဉ်ဘဝတွင် မိဘဆွေမျိုး၊ ဆရာသမား များက ကျွေးမွေးပြုစု စောင့်ရှောက် သင်ကြားပေး သည်မှာ မှန်သော်လည်း အရွယ်ရောက် လာသည့် အချိန်တွင် ဘဝအတွက် တစ်နယ်တစ်ကျေး ၌ ပညာနှင့်ဥစ္စာများ ရှာချိန်တို့တွင် မိမိကိုယ်ကိုသာ ထိန်းသိမ်းကြ ရမည် ဖြစ်သည်။ လူသည် တစ်ဦး တစ်ယောက်တည်း နေထိုင်၍ မရသော်လည်း သူတစ်ပါး ကိုလည်း အလွန်အကျွံ အားကိုး၍ မရပေ။ ညစ်ညူးသည့် စိတ်အာရုံတွင် ပျော်မွေ့တတ်သည့် သဘောရှိသော လူ့စိတ်ကို ဉာဏ်အသိဖြင့် ထိန်းကျောင်း ရမည်။ လူ့စိတ်သည် မကောင်းမှုတွင် ပျော်ပါးတတ်ပြီး ကောင်းသည့် အလုပ်တို့ကို လုပ်ကိုင်ရန် နှောင့်နှေး တတ်သည်။

သန်စွမ်း ကျန်းမာပြီး ဉာဏ်ရည် ဖွံ့ဖြိုးသည့် လူသားတစ်ဦး ဖြစ်ရန် ငယ်စဉ် ကတည်းက ပြုစု ပျိုးထောင်ရန် လိုအပ် သကဲ့သို့ လူ့ပတ်ဝန်းကျင် နှင့် လူသား အသိုက်အမြုံကို ကောင်းကျိုး ပြုမည့် လူသားတစ်ဦး ဖြစ်လာရန်မှာ မှန်ကန်သည့် အမြင်၊ ပြည့်စုံသော အသိတရား များနှင့် အကျိုးရှိသော လုပ်ဆောင်ချက် များ ရှိနေရန် လိုအပ်သည်။

သို့ဖြစ်ရာ လိုအပ်ချက် အဝဝကို ပြည့်စုံစေရန် ငယ်စဉ် ကတည်းက စာပေဖတ်ရှု လေ့လာခြင်း၊ အဆုံးအမ နာယူခြင်းဖြင့် ဖြည့်ကျင့် ဆည်းပူးခဲ့ပါမှ အသက်အရွယ် ရလာသော အခါ မိမိကိုယ်ကို ကောင်းစွာ ဆောက်တည် အားကိုးနိုင်သည့် လူကောင်း လူမွန်များ ဖြစ်လာမည့် အပြင် နိုင်ငံ အတွက်လည်း အားကိုးထိုက်သည့် လူရည်ချွန်များ ဖြစ်လာ ကြမည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger