www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 10, 2014

သတိပြုဖွယ်ရာ ကျောက်ကပ် ဝေဒနာ


သတိပြုဖွယ်ရာ ကျောက်ကပ် ဝေဒနာ

ကမ္ဘာ့နိုင်ငံ များတွင် လူသားများ အတွက် ကျောက်ကပ် အစားထိုး ကုသမှုကို လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်မှ စ၍ ကြိုးစားခဲ့ ကြသည်။ မြန်မာနိုင်ငံတွင် ကျောက်ကပ် အစားထိုး ကုသမှုကို ၁၉၉၅ ခုနှစ်မှ စတင်ခွဲစိတ် ကုသခဲ့ရာ အောင်မြင်မှုများ ရှိခဲ့သည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ရန်ကုန်မြို့ အထူးကု ဆေးရုံကြီး ခုတင်(၅ဝဝ) ၌ ဒေါ်ဥမ္မာဝင်း နှင့် မခိုင်မေဇွန်စိုး တို့အား မြန်မာ သမားတော်က ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသ မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့သည်။ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း ဆေးရုံကြီးမှ ကျောက်ကပ် သမားတော်များ၊ နေပြည်တော် နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ကျောက်ကပ် သမားတော်များ ပါဝင်သော အထူးကုအဖွဲ့ က ဆောင်ရွက် ပေးခဲ့ကြခြင်း ဖြစ်သည်။

ကျောက်ကပ် အစားထိုး ကုသရာတွင် လူနာဘက်က ဆောင်ရွက် ပေးရသည်မှာ သက်ဆိုင်ရာ ဓာတ်ခွဲ စစ်ဆေးရေး အတွက်နှင့် စင်ကာပူနိုင်ငံ ပို့၍ စစ်ဆေးရသည့် ကုန်ကျစရိတ် တို့ဖြစ်ပြီး အခြား ကုန်ကျစရိတ် များကို နိုင်ငံတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာန က ပံ့ပိုး ပေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြား ဆေးရုံသို့ သွားရောက်၍ ကျောက်ကပ် အစားထိုး ကုသမည် ဆိုပါက ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် သိန်းပေါင်း ရာနှင့်ချီ၍ ကုန်ကျမည် ဖြစ်သည်။

ယခု ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသ ပေးခဲ့သူ နှစ်ဦးမှာ ပြည်တွင်း၌ပင် သက်ဆိုင်ရာ ဆရာဝန်ကြီး များ၏ ကျွမ်းကျင်မှု နှင့် စေတနာ ထားမှု၊ နိုင်ငံတော် အစိုးရ၏ ပံ့ပိုးပေးမှု တို့ကြောင့် ပြည်ပသို့ သွားရောက် ကုသသည့် ကုန်ကျစရိတ် ၏ ၁ဝ ရာခိုင်နှုန်းခန့် ကိုသာ ကုသမှုခံယူ သူတို့က ကျခံ ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်ကပ် အစားထိုး ကုသရေးအတွက် ဆေးရုံ၏ အစဉ်အလာ စည်းကမ်းအရ မိဘနှစ်ပါး (အရင်း) နှင့် ညီအစ်ကို မောင်နှမများ၊ အရင်းအချာများ ကသာ လူနာအတွက် ကျောက်ကပ် ပေးလှူနိုင် ကြသည်။ ကျောက်ကပ် လှူသူနှင့် ကျောက်ကပ် အစားထိုး ကုသမှုခံယူမည့် သူတို့သည် အထက်ပါ အတိုင်း ဆွေမျိုး တော်စပ် ရမည့်အပြင် သွေးအုပ်စု၊ ကျောက်ကပ် တစ်သျှူးနှင့် ဗီဇဆိုင်ရာ တစ်သျှူးများ တူညီကြပြီး ကျောက်ကပ် အစားထိုး ကုသမှု ခံယူမည့် သူသည် ခွဲစိတ်ကုသမှု ခံယူနိုင်မည့် ကျန်းမာရေး အခြေအနေနှင့် ပြည့်စုံရန် လိုအပ်သည်။

ကျောက်ကပ် ရောဂါ ဖြစ်လာလျှင် နောက်ဆက်တွဲ ဝေဒနာများမှာ သတိ မေ့လျော့ တတ်ခြင်း၊ အစာနှင့် အူလမ်းကြောင်း များ ပုံမှန် အလုပ်မလုပ် တော့ခြင်း စသည်တို့ ဖြစ်လာ နိုင်ကြောင်း ဆေးပညာရှင် များက တွေ့ရှိထား ကြသည်။ လူတို့ နေ့စဉ် စားသောက်သည့် အစားအစာ များမှ ထွက်ပေါ် လာသည့် မလိုလား အပ်သော အဆိပ်အတောက် များကို အသည်းနှင့် ကျောက်ကပ် တို့က ထုတ်ယူ၍ စွန့်ပစ်ကြ သည်။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီး၏ လုပ်ဆောင်ချက် များကို အကောင်းဆုံး ဖြစ်အောင် ကျောက်ကပ်က ထိန်းညှိ ပေးသည်။ ကျောက်ကပ် မကောင်းတော့ ပါက ခန္ဓာကိုယ် အတွင်း အဆိပ် အတောက်များ စုလာပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီး ၏ လုပ်ငန်း ဆောင်တာ စွမ်းဆောင်မှုများ ကျဆင်း လာမည် ဖြစ်သည်။

သို့ဖြစ်၍ ကျောက်ကပ် ဝေဒနာ မဖြစ်အောင် ကျန်းမာရေး နှင့် ညီညွတ်သော နေထိုင် စားသောက်မှု ပုံစံရှိ ရမည့်အပြင် ကျောက်ကပ် ဝေဒနာ ခံစား ရပါကလည်း နာတာရှည် ကျောက်ကပ် ရောဂါ မဖြစ်ရအောင် ကျွမ်းကျင် သည့် ဆရာဝန်များနှင့် ထိရောက်စွာ ကုသမှု ခံယူကြရန် ကျန်းမာရေး ဝန်ကြီးဌာန က စီစဉ် ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူ များအား မြဝတီ က ပြန်ကြား ပေးလိုက် ရပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger