လူငယ်များ ဟူသည်
လူတို့ စားသုံးလျက် ရှိသော ဟင်းသီး၊ ဟင်းရွက်၊ အသီးအနှံ အားလုံးတို့သည် အညွန့်တလူလူ ဖြင့် ရှင်သန် ကြီးထွားကြ ရသည်။ အညွန့်သည် အပင်တစ်ပင် ၏ ရှင်သန် ကြီးထွားမှု ဖြစ်သည် သာမက အပွင့်နှင့် အသီး တို့ကိုလည်း ပေးစွမ်း နိုင်စွမ်း ရှိသည်။ ထို့ပြင် အညွန့်သည် အပင်၏ အားလည်း ဖြစ်သည်။
ထို အညွန့်လေးများ မည်သည့် အချိန်က စ၍ ရှင်သန် ကြီးထွား ရပါသနည်းဟု မေးသော် မြေကြီးထဲမှ စတင် ထွက်လာချိန်မှ စ၍ဟု ဖြေရမည် ဖြစ်သည်။ ထိုအချိန်မှ စ၍ အညွန့်သည် တလူလူနှင့် ရှင်သန် ကြီးထွားလာပြီး အပင် တစ်ပင်လုံး ညှိုးခြောက် ကြွေကျမြေခ မှသာလျှင် အညွန့်၏ နိဂုံး အဆုံးသတ် ရပေသည်။
လူသားအားလုံး တို့သည်လည်း ဤသို့ပင် ဖြစ်သည်။ ဤကမ္ဘာ မြေလောကကြီး ထဲသို့ လူရယ်လို့ ဖြစ်လာသည့် အချိန်မှစ၍ ဘဝ အလီလီ အညွန့် ကိုယ်စီဖြင့် ရှင်သန်ကြီးထွား လာကြရသည်။ လူတိုင်း လူတိုင်းသည် အညွန့်ကိုယ်စီ ရှိကြပြီး လူငယ်၊ လူလတ်၊ လူကြီး ဟူသော အရွယ်သုံးပါး တို့ဖြင့် အသက်အရွယ် အလိုက် ရှင်သန်ကြ ရသည်။
ရှင်သန်မှုအား အကောင်းဆုံး အချိန်သည် ငယ်ရွယ်စဉ် အချိန်ဖြစ်ပြီး သီးပင်စားပင် များကဲ့သို့ ငယ်ရွယ် နုပျိုစဉ် အညွန့်များ ဝေဝေဆာဆာ ထွက်လာ သကဲ့သို့ လူငယ်၊ လူရွယ် တို့တွင်လည်း သင်ယူခြင်း၊ လေ့လာခြင်း၊ လုပ်ကိုင်ခြင်း တို့ဖြင့် မရပ်မနား အညွန့်များ ပွားများ လာရမည် ဖြစ်သည်။
သို့သော် အချို့သော လူငယ်လေး များသည် အလုပ်နေရာ တစ်ခုခု ဝင်လုပ်ပါက ထိုအလုပ်၌ပင် ခိုတွယ် နေတတ် ကြသည်။ ဥပမာ အားဖြင့် လက်ဖက်ရည် ဆိုင်တွင် စားပွဲထိုး လုပ်သူ အလုပ်သမား တစ်ဦးသည်ပင် မိမိတစ်နေ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦး ဖြစ်ရမည်ဟု ရည်မှန်းချက်ထား ကြိုးစားရမည် ဖြစ်သည်။ မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်း အမြဲကြံဆောင် စဉ်းစား လုပ်ကိုင် ကြရမည် ဖြစ်သည်။ သို့မှသာ ဘဝ တိုးတက် ပြောင်းလဲ နိုင်မည်ဖြစ်သည်။
လူငယ်ဟူသည် အနာဂတ် အတွက် အမြဲတမ်း ပြင်ဆင်ကြ ရမည်ဖြစ်သည်။ ရှေ့ကိုမျှော်တွေး လုပ်ကိုင်နိုင်ခြင်း မရှိပါက အမြဲတမ်း ခေတ်နောက်ကျ နေမည်ဖြစ်သည်။ အတိတ်က အားနည်းချက် များကို ပြန်လည် သုံးသပ် ပြင်ဆင်ပြီး ပစ္စုပ္ပန် အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြ ရမည် ဖြစ်သည်။
သို့ဖြစ်ရာ လူမှန်လျှင် အညွန့်ရှိသည်။ ထို့ကြောင့် ယနေ့ လူငယ်များ ဟူသည် သင်ယူခြင်း၊ လေ့လာခြင်း၊ လုပ်ကိုင်ခြင်း များစွာတို့ဖြင့် ရှင်သန်နေရန် လိုပြီး တစ်နေရာတည်း တွင် ရပ်တန့် မနေဘဲ လေ့လာစရာ၊ သင်ယူစရာ များကို အဆက်မပြတ် လေ့လာ သင်ယူကာ ဘဝရပ်တည် နိုင်သရွေ့ အမြဲအညွန့် တလူလူ ဖြစ်စေရန် ကြိုးစားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment