www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 26, 2014

သတင်းစာထဲက ဖခင်အမည်မှန် ကြော်ငြာများ


သတင်းစာထဲက ဖခင်အမည်မှန် ကြော်ငြာများ

စိုးမရ

သတင်းစာ ဖတ်တိုင်း ကြော်ငြာ စာမျက်နှာတွေ ထဲက ဒီကြော်ငြာ တိုလေးတွေကို သတိထား မိတာ အတော်ကြာပြီ။

တစ်ရက်လဲ မဟုတ်။ နှစ်ရက်လဲ မဟုတ်။ တစ်လလဲ မက၊ နှစ်လလဲ မက။ နေ့တိုင်းမပြတ် တွေ့နေရတာ။ အလျဉ်းလွတ်တဲ့ နေ့ဆိုတာ မရှိ သလောက်။ မပါဘူး ဆိုရင်တောင် နှစ်ခုတော့ အနည်းဆုံး ပါတယ်။ တစ်ခါတလေများ ခုနစ်ခု၊ ရှစ်ခုထိကို ရှိတယ်။ တစ်ဦးနဲ့ တစ်ဦး အားကျမခံ အပြိုင်ကြော်ငြာ နေကြသလားလို့ ထင်ရပါတယ်။

အဲဒီလို တွေ့နေရတဲ့ ကြော်ငြာ ကတော့ ''ဖခင်အမည်မှန်'' ဆိုတဲ့ ကြော်ငြာတိုလေး တွေပဲ ဖြစ်ပါတယ်။

''ဖခင်အမည်မှန်'' ဆိုတဲ့ ခေါင်းစဉ် အောက်မှာ .....တိုင်းဒေသကြီး၊ ပြည်နယ်၊.....မြို့နယ်၊.....ကျောင်းတွင်.....တန်း၌ ပညာသင်ကြား နေသော မောင်/မ....၏ ဖခင် အမည်မှန်မှာ အိမ်ထောင်စု လူဦးရေ စာရင်းအရ ဦး ..... ဖြစ်ပါကြောင်း ...ဆိုတဲ့ စာသားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကြော်ငြာ တွေကို ကြည့်လိုက်ရင် နေရာစုံ၊ ဒေသစုံ၊ ကျောင်းအစုံ၊ အတန်းစုံ ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြောရရင် ဒီလို ကြော်ငြာ မထည့်ဖူးတဲ့ မြို့၊ မထည့်ဖူးတဲ့ ကျောင်းဆိုတာ ရှာမှရှားလို့ ပြောရမလို ပါပဲ။ ဘယ်လို တွေကြောင့် ဘယ်လိုတွေ ဖြစ်ပြီး ဘာလို့များ အခုလို ဖြစ်နေ ရတာလဲလို့ အတွေးတစ်စ ပေါ်မိပါတယ်။

ဒီကြော်ငြာနဲ့ ပတ်သက်သူ တွေဟာ အခြေခံပညာ အဆင့်က ကျောင်းသား၊ ကျောင်းသူ တွေချည်း ဖြစ်ပါတယ်။ အထူးသဖြင့် အဋ္ဌမတန်း၊ ဒသမတန်း အများဆုံး ဖြစ်တာတွေ့ ရမှာပါ။ ပထမဆုံး တွေးမိတာက ဒီကျောင်းသား၊ ကျောင်းသူ တွေရဲ့ ဖခင် အမည်ဟာ ဘာကြောင့်များ မှားရတာလဲ၊ လွဲနေရတာလဲ ဆိုတာပါ။ ဒီအမှား၊ ဒီအလွဲကို သိတဲ့အချိန် ဟာလဲ နှစ်တွေ အတော်လွန်ပြီးမှ သိတာမျိုး ဖြစ်နေတယ်။ တိတိပပ ဆိုရရင် နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ခါနီး ကျမှသိတာ။ အများအားဖြင့် ဒသမတန်း ရောက်မှ သိကြတာ များတယ်။ ကျန်အတန်းတွေ တုန်းကတော့ သတိမပြု မိကြဘူး။

နိုင်ငံသား မှတ်ပုံတင်ကတ် လုပ်မယ်ဆိုတော့ ကျောင်းက ထောက်ခံစာ တောင်းရတယ်။ ကျောင်းက ထောက်ခံစာမှာ ကျောင်းမှာ စာရင်း ဖွင့်ထားတဲ့ အမည်နဲ့ အိမ်ထောင်စု စာရင်းမှာ ပါတဲ့ အမည်နဲ့ မတူတာ၊ လွဲနေတာကို အဲဒီကျမှ သိကြတာ။

ဒါဟာ ''ဖခင်အမည်မှန်'' ဆိုတဲ့ ကြော်ငြာ ဖြစ်ပေါ်လာပုံ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းရုံး တစ်ခုက စာရေးကြီး တစ်ဦးကို မေးကြည့်မိ ပါတယ်။ သူပြောပြ တာက ''ကျောင်းစအပ်တဲ့ အချိန်ဟာ အရေးကြီးဆုံး ပါပဲ။ သူငယ်တန်းက နေ ကျောင်းအပ်တယ် ဆိုပါစို့။ အဲဒီမှာ ကလေးအမည်၊ အဖေ အမေ အမည်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ စတာတွေကို ကျောင်းသား၊ မှတ်ပုံတင် စာအုပ် ကျွန်တော်တို့ ဌာနအခေါ် 'ခ' စာရင်းစာအုပ် မှာ ရေးသွင်း ရပါတယ်။

အဲဒီမှာ ရေးသွင်းချက်ဟာ အတည်ပါပဲ။ ကိုယ့်သဘော နဲ့ကို ဘယ်သူမှ ပြင်ဆင်ခွင့် မရှိပါဘူး။ အဲဒီထဲက အမည်အတိုင်း နောက်အတန်း တွေထိ တောက်လျှောက် ပါသွားတာပါ။ ပြောပြရရင် ဒီလိုမှားတာ၊ လွဲတာဟာ အစက မသေချာခဲ့လို့ ပါဘဲ။ စာရင်း ရေးသွင်းတဲ့ ဆရာ၊ ဆရာမ တွေမှာ သော်လည်းကောင်း၊ မိဘတွေမှာ သော်လည်းကောင်း တာဝန်ရှိ ပါတယ်။

ဆရာ၊ ဆရာမ တွေက မိဘတွေ ရေးပေးတဲ့ ဝင်ခွင့် လျှောက်လွှာ ပေါ်ကအတိုင်း ရေးသွင်းကြတာ များတယ်။ အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင်တို့ နဲ့ တိုက်ဆိုင် ကြည့်တာမျိုး မလုပ်တော့ အခုလို အမှားတွေ ဖြစ်ရတာပါ။အဲဒီလို ဖြစ်တော့ ကျွန်တော်တို့ ရုံးတွေမှာလဲ အလုပ်ပို ပါတယ်။ ဖခင် အမည်မှန် ပြင်ဆင်ပေးဖို့ ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာတွေ၊ သတင်းစာ ထဲက ကြော်ငြာ ဖြတ်ပိုင်းတွေ မိတ္တူတွေ ဆွဲပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး တွေအထိ အဆင့်ဆင့် ပို့ရ တယ်။ ခွင့်ပြုမိန့် ကျလာမှ ပြင်ဆင်ခွင့် ရတာပါ။

အချိန်တွေ၊ ငွေတွေ၊ စာရွက်တွေ၊ အလုပ်တွေ ပိုကုန်ပါတယ်။ အစ ကတည်းက သေချာခဲ့ရင် အခုလိုမျိုး ကိစ္စတွေ ဖြစ်လာစရာ မရှိပါဘူး ''ဟု ရှင်းပြပါတယ်။ သာမန် အသေးအဖွဲ ကိစ္စလေး ဖြစ်ပေမယ့် ''အစကောင်းမှ အနှောင်း သေချာ'' ဆိုတာလို အစမကောင်း၊ မသေချာ ခဲ့တော့ နောင်မှာ ခုလို အလုပ်ပိုတွေ လုပ်ရတော့တာ ပါပဲ။

ဒီတော့ ဒီလိုမျိုး အဟောသိကံ ကိစ္စတွေ လျှော့နည်း ပပျောက် သွားအောင် ကျောင်းထား၊ ကျောင်းအပ်တဲ့ မိဘတွေ အနေနဲ့ အလွယ်တကူ မရေးမိဖို့၊ ကျောင်းအပ် လက်ခံတဲ့ ဆရာ၊ ဆရာမ တွေဘက်ကလဲ မိဘအမည်ကို သေချာအောင် အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင် တို့နဲ့ တိုက်ဆိုင် စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒီလိုဆိုရင် သတင်းစာ ထဲမှာ ''ဖခင်အမည်မှန်'' ဆိုတဲ့ ကြော်ငြာတွေ ပါလာစရာ အကြောင်းရှိမှာ မဟုတ်တော့ ပါဘူး။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger