www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 22, 2014

စေ့ဆော်မှုမတူ စာရေးကြ သူများ


စေ့ဆော်မှုမတူ စာရေးကြ သူများ

လူတိုင်း လူတိုင်းတွင် ဗီဇအားဖြင့် စိတ်၏ သန်ရာ ဝါသနာ တစ်ခု အနည်းဆုံး ရှိတတ် ကြသည်။ စာရေး၊ စာဖတ်ခြင်း အလုပ်သည် ဝါသနာဟု ဆိုခြင်းထက် အထပ်ထပ် အခါခါ ဖြည့်ဆည်း လေ့လာ မှု၏ အကျိုး ရလဒ်ထူး 'ပါရမီ' ဟု ဆိုထိုက်သည်။ စာဖတ်ခြင်း အလေ့အကျင့် နှင့် စာရေးခြင်း ပညာကို ဝန်းကျင် အသိုင်းအဝိုင်း ကလည်း ပုံသွင်း ပေးတတ်သည်။

စာရေးကြ သူများကို သတ္တုချ ကြည့်လျှင် ယေဘုယျ အားဖြင့် သုံးမျိုး တွေ့နိုင်သည်။ တချို့ စာထဲက စာကို ရေးကြသည်။ စာတွေ့၊ လက်တွေ့ ပေါင်းစပ် ရေးကြသူ များလည်း ရှိကြသည်။ ဘဝထဲ မှစာကို ထုတ်နုတ် ရေးသားပြီး လောကကို အကျိုးပြု တတ်ကြသည်။

စာထဲက စာကို ရေးကြသူ များသည် 'စာအုပ်စာပေ လူ့မိတ်ဆွေ' ဆိုစကားနှင့် အညီ အထောက် အကူပြု ကိုးကားစရာ ကျမ်းကြီး၊ ကျမ်းငယ် အသွယ်သွယ် နှင့် သုတ၊ ရသ စာပေ အမျိုးမျိုးကို သိမ်းဆည်း သိုလှောင်၍ စာပေ ရတနာ ဘဏ္ဍာတိုက် ပြုထား တတ်ကြ သူများ ဖြစ်သည်။

ခေါင်းစဉ် တစ်ခုအတွက် အချက်အလက် ပေါင်း များစွာကို ရှာဖွေ စုစည်းကာ ပန်းလိုသီ စာစီကုံးပြီး ကိုးကား ရေးကြ သူများ ဖြစ်သည်။ ဥပမာ အားဖြင့် ရာသီစာများ၊ နေ့ထူး နေ့မြတ်များ၊ ထင်ရှား ကျော်ကြား ပုဂ္ဂိုလ်များ အကြောင်းကို ရေး၍ မှတ်တမ်း မှတ်ရာ ပြုစုကြ သူများ ဖြစ်သည်။

စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပေးကာ ရေးကြ သူများ အတွက် စာထဲမှ စာကို ရေးနေကြ သူများထက် အလုပ်ပို၊ အတွေးပို သည်။ ဖတ်မှတ် လေ့လာခဲ့ မှုနှင့် ဘဝ သင်ခန်းစာ ကို အံ့ဝင်ခွင်ကျ စုစည်းရ၊ မှတ်ချက်စွဲရ၊ ထောက်ချက်ပြုရ နှင့် အလုပ် ပိုသည်။ သို့သော် အားသာချက် တစ်ခုမှာ ရရှိခဲ့ပြီး သော ဘဝ သင်ခန်းစာများ အတွက် တကူးတက အချိန်ပေး စရာ မလိုတော့ခြင်း ဖြစ်သည်။

ဘဝထဲမှာ အဆီအနှစ်ရှာ စာပေ ရေးနေကြ သူများကား လက်တွေ့ဘဝ အတွေ့အကြုံများ အပေါ် ယုတ္တိဗေဒ သဘောအရ ခြုံယူဆင်ခြင်၊ ထုတ်ယူ သုံးသပ် အနှစ်ထုတ် ရေးတတ်ကြ သူများ ဖြစ်သည်။ ခေတ်တစ်ခေတ်၊ စနစ်တစ်ခု အမြင် လောကကိုပါ လွှမ်းခြုံ နိုင်စွမ်း သူများ ဖြစ်သည်။

စာရေးသူများ သုံးမျိုးကွဲ သကဲ့သို့ ရေးသားသည့် စာ အကြောင်းအရာ များလည်း သုံးမျိုး ရှိတတ်သည်။ တချို့က ဖြစ်စဉ် ဖြစ်ရပ် တစ်ခုအပေါ် အကောင်းရှုမြင် ရေးတတ် ကြသည်။ တချို့က အဆိုးမြင် အပြစ်ပြော အကုသိုလ် ပွားတတ် ကြသည်။ တချို့က ဖြစ်စဉ် ဖြစ်ရပ်ကို စ၊ လယ်၊ ဆုံး ဂဃနဏ မှတ်တမ်းတင် ကြခြင်းကို တစိုက်မတ်မတ် ပြုတတ် ကြသည်။

ဖြစ်ရပ်တိုင်းတွင် အဆိုးအကောင်း ဒွန်တွဲ နေစမြဲ ဖြစ်သည်။ ရှုမြင်သူ၏ စေ့ဆော်မှု စေတနာက အဆိုးအကောင်း ဖြစ်သွား တတ်သည်။ ယေဘုယျ အားဖြင့် အကောင်းများလျှင် အကောင်းမြင်ရ သကဲ့သို့ အဆိုးများ ပါကလည်း အဆိုးဟု သတ်မှတ်၍ ရသည်။

သို့ဖြစ်ရာ အပူစာနှင့် အအေးစာသည် စာရေးကြ သူများကြောင့် ဖြစ်လာ တတ်ကြပြီး တချို့ ကိုယ်တိုင်လည်း လောင်မြိုက်၍ ပတ်ဝန်းကျင် ကိုလည်း လောင်ကျွမ်း စေသည်။ တချို့ ငြိမ်းချမ်းမှု အတိနှင့် ရှိနေပြီး ဆက်နွှယ်ရာသို့ ချမ်းမြေ့မှုကို ဖြစ်ပေါ် စေကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger