www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 22, 2014

တစ်သက်လုံး ခက်မဆုံးနိုင်သည့် အခြေအနေမျိုး မဖြစ်စေရေး


တစ်သက်လုံး ခက်မဆုံးနိုင်သည့် အခြေအနေမျိုး မဖြစ်စေရေး

လူသားတိုင်းတွင် လူ့တန်ဖိုးနှင့် ယုံကြည်မှု အသီးသီး ရှိကြရာ လူတစ်ဦး၏ စိတ်ဓာတ် ကောင်းမွန်မှု၊ ကျင့်ဝတ်နီတိ စောင့်ထိန်း လိုက်နာမှု၊ လူ့အဖွဲ့အစည်း နှင့် သဟဇာတ ရှိမှုတို့ အပေါ်တွင် တည်မှီ၍ လူ့တန်ဖိုးနှင့် ယုံကြည်မှု တို့ကို အကဲဖြတ် ကြသည်။

ပြည်ထောင်စု တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို အသက်ထက်ဆုံး ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ခဲ့သည့် သမိုင်း အစဉ်အလာ ရှိခဲ့သည့် အားလျော်စွာ တပ်မတော်သား တို့သည် သစ္စာ အဓိဋ္ဌာန် လေးချက်ကို နေ့စဉ် ရွတ်ဆို၍ ထို သစ္စာလေးချက် အတိုင်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး သစ္စာ စောင့်သိလျက် ရှိသည်။ သစ္စာတရား ကို မြတ်နိုးသူ၊ သစ္စာတရား ကို စောင့်ထိန်းသူ မှန်သမျှသည် သစ္စာဖောက် အဖြစ်နှင့် အသက်ရှင် ရမည်ကိုပင် မလိုလား တော့ဘဲ သစ္စာတရားကို အသက်စွန့်၍ စောင့်ထိန်း ကြသည်။ 

လူမှန်လျှင် သစ္စာစောင့်သိ ရမည့် တာဝန် ရှိသည်။ မိမိ၏ မိဘဆွေမျိုး မိတ်သင်္ဂဟများ အပေါ်တွင် သာမက မိမိ နေထိုင်ရာ ရပ်ရွာမှ စ၍ နိုင်ငံတော် အပေါ် တွင်လည်း နိုင်ငံသား တစ်ဦး ပီသစွာ သစ္စာစောင့်သိ ရမည့်တာဝန်ရှိသည်။ မိမိ၏ မိဘဆွေမျိုး မိတ်သင်္ဂဟများ အပေါ်တွင် လည်းကောင်း၊ မိမိရပ်ရွာ အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော် အပေါ်တွင် လည်းကောင်း ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်၊ ပြောဆို၊ လုပ်ကိုင်သူ တို့သည် သစ္စာပျက်ယွင်းသူများ ဖြစ်သဖြင့် လူအများ စက်ဆုပ် ကြမည် ဖြစ်သည်။ 

လောက၌ လူသားတစ်ဦး အဖို့ မိမိ ရရှိထားသော စည်းစိမ်ဥစ္စာ များအားလုံး ဆုံးရှုံး သွားသည့် တိုင်အောင် အသက်ရှင် နေသေးသမျှ ပြန်လည် စုဆောင်း ရှာဖွေ နိုင်သည်။ မိမိဆွေမျိုး အသိုင်းအဝိုင်း အပေါ်၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အပေါ် သစ္စာ ပျက်ယွင်းသူ၊ ကျေးဇူးတရား နားမလည်သူ အဖြစ် သတ်မှတ် ခံရသူသည် အသက် ရှင်လျက် နှင့် ဘဝသေသူ အဖြစ်သို့သာ ရောက်သွား ပေမည်။ ထို့ကြောင့် လူ့ဘဝ၌ သစ္စာ ပျက်ယွင်းသူ အဖြစ်သို့မကျရောက် ရလေအောင် မကြံစည် အပ်သည်ကို မကြံစည်ခြင်း၊ မပြောဆိုအပ် သည်ကို မပြောဆိုခြင်း၊ မပြုအပ် သည်ကို မပြုခြင်း၊ သစ္စာ ပျက်ယွင်းသူ တို့နှင့် အလိုတူ အလိုပါ မပေါင်းဖော်ခြင်း တို့သည် နိုင်ငံသားကောင်းတို့၏ သစ္စာ တရားပင် ဖြစ်သည်။

ဒို့တာဝန် အရေးသုံးပါး ကို ဦးထိပ် ပန်ဆင် ထားသော ပြည်ထောင်စု တပ်မတော် က တိုက်ထုတ် ချေမှုန်း နိုင်ခဲ့သဖြင့် တစ်ချိန်က ပြည်ပနိုင်ငံ များနှင့် နယ်စပ်ဒေသ များသို့ ဝင်ရောက် ခိုလှုံ နေရသော လက်နက်ကိုင် သောင်းကျန်းသူ များသည် ယခု အချိန်တွင် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက် ရှင်သန် ရပ်တည်ခွင့် များ ရရှိနေကြပြီ ဖြစ်သည်။ အချို့အဖွဲ့ များသည် ပြည်တွင်း ပြည်ပနှင့် အဖွဲ့အစည်း အချို့၏ အကူအညီ အထောက်အပံ့ ရယူ၍ နိုင်ငံရေး နှင့် အခြား အင်အား တည်ဆောက်မှု များ ပြုလုပ် နေကြပြီး တောင်းဆို မှုများ ပြုလုပ် လာကြသည်။ ငြိမ်းချမ်းရေး တည်ဆောက် ရာတွင် အခက်အခဲ ဖြစ်လာ နိုင်သည့် ပြောဆိုပြုမူမှု များရှိလာ ကြသည်။

တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး ရယူ လိုသည်မှာ တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်သူလူထု ၏ အေးချမ်းစွာ နေထိုင် လိုသော ဆန္ဒတို့အား ရှေးရှု၍ အတတ်နိုင်ဆုံး လိုက်လျော ဆောင်ရွက်ခြင်း သာ ဖြစ်သည်။ 

သို့ဖြစ်၍ ထာဝရ ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိ သူများသည် သူ့အကြိုက် ကိုဖြင့် တစ်သက်လုံး ခက်မဆုံး နိုင်အောင်ပင် ဆိုထားသော အခြေအနေ မျိုး ရောက်အောင် တောင်းဆိုမှုနှင့် ဖန်တီးမှုများ မပြုလုပ်ရေးတိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ကိုယ်စား မြဝတီက ပြောကြား လိုက်ရ ပါကြောင်း။ ။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger