www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 5, 2014

အီကွေးရှင်း


အီကွေးရှင်း

ယောနသံ

''ဖတ်''ကနဲ ဟု အသံပေး၍ အရိုးအသား တွဲလျက် ဝက်သားတုံး သည် ချိန်ခွင်ပေါ်သို့ အကျတွင် ချိန်ခွင်လျှာ သည်လည်း ''ဆတ်'' ကနဲ ထွက်အလာ လက်က ဝက်သားတုံး ကိုယူပြီး ၂၅ ကျပ်သားနော် ဟုဆို၍ ပလတ်စတစ် အိတ်ထဲ ထည့်ပေး လိုက်ရင်း '' ဒီကနေ့မှ ဈေးဝယ် တွေကများ နေတာပဲ။ အစ်မ မြန်မြန် ယူနော်၊ ဟေ့ဒီမှာ ပိုက်ဆံ အမြန် အမ်းပေးလိုက် '' စသည်ဖြင့် ဇယ်ဆက် သလို အလုပ်ရှုပ် နေသော ဝက်သားသည် ကို ဇနီးအား ဈေးပို့ လိုက်သွားသော ကျွန်တော် ရပ်ကြည့် နေမိ၏။

ဇနီးသည်က ဝက်သားထုပ် ကို လှမ်းယူပြီး လှည့်ထွက် လာကြစဉ် ဝက်သားဆိုင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး '' ဟဲ့ဟဲ့ ဟို မိန်းမနောက် လိုက်စမ်း မြန်မြန် ပိုက်ဆံ ပေးမသွားဘူး '' ဟု အော်ပြောသံ ကြားလိုက်သည်။ သို့သော် ထို ဈေးဝယ် အမျိုးသမီး သည် လူကြားထဲ တိုးဝင်၍ ဘယ်ဆိုင် ကြားကနေ ထွက်သွား သလဲ မသိပေ။ မမှီလိုက်တော့ ဟု ပြောနေသံများ ကို ကြားသိ လိုက်ရသည်။ သို့ဖြင့် ကျွန်တော်တို့ လည်း ဆက်မသွားဘဲ ရပ်ကြည့် နေစဉ် ဈေးဝယ်သူ အချို့မှ တစ်ဦး တစ်ပေါက် ပြောနေ ကြသည်မှာ ''အေးဟယ် အတင့်ရဲ လိုက်တာ အရင်တုန်းက ဒီလိုမျိုးတွေ ဒီဈေးထဲ မကြားဖူး ပါဘူးအေ၊ အခု တစ်လောများ ဒီလိုမျိုးတွေ မလိမ့်တစ်ပတ် နဲ့ အလစ်သုတ် သွားကြတာ မကြာခဏ ဆိုသလို ဖြစ်နေတာအေ့၊ ဟို တစ်နေ့က ကြက်သားသည် လဲ ဘာထူးတုန်း၊ ဈေးဝယ်က ကြက်သား ချိန်ပြီး လက်ထဲလဲ ကြက်သားထုပ် ရောက်တော့ ''ဟောတော့'' ပိုက်ဆံ အိတ်က သမီးဆီမှာ ဟိုမှာဟိုမှာ ဘုရားပန်း ဝယ်နေလို့ တွေ့လား ခဏ နော် ပိုက်ဆံ သွားယူ လိုက်မယ်ဆိုပြီး ပျောက်သွား တာပဲတဲ့။ ''အေးဟယ် လူတွေလဲ အကျင့်ပျက် ကုန်ကြပြီအေ၊ ငွေတွင်းကပဲ နက်တာလား လူတွေကပဲ အကျင့်ပျက် တာလား မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူခိုးတော့ အားမပေး ဘူးဟေ့'' စသည်ဖြင့် ပြောဆိုသံ များကို ကျောခိုင်းရင်း အိမ်သို့ ပြန်ခဲ့ ကြသည်။

အိမ်ပြန် ရောက်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီး က ချက်ပြုတ်ရန် ပြင်ဆင် လေတော့၏ ။ ထိုအချိန်တွင် တရုတ် စံကားပွင့် ခြောက်များ အရောင်း အဝယ် လုပ်နေသော မိတ်ဆွေ အမျိုးသမီးသည် တရုတ် စံကားပွင့်ခြောက် အိတ်ကြီးနှင့် ရောက်ရှိ လာသည်။ ထို့နောက် ပွင့်ခြောက် အိတ်ကို စက်ဘီးပေါ်မှ ချပြီး ထုံးစံအတိုင်း အိမ်မှရေကန် ဂေါက်ကို ဖွင့်ကာ ပွင့်ခြောက်များကို ရေများ ရွှဲနစ်နေအောင် ဆေးပါ လေတော့၏။ ပြီးလျှင် မစိုမခြောက် အနေအထား ဖြစ်ရန် လေသလပ် ခံ၍ နေပြနေစဉ် ကျွန်တော်၏ ဇနီးဖြစ်သူက ထို အမျိုးသမီးကို ''မနေ့က နင် အဆင်ပြေ ရဲ့လား'' ဟု လှမ်းမေး လိုက်ရာ ''အဆင်မပြေ ပါဘူး အစ်မရယ် အမြတ်နည်း သွားတာပေါ့။ ဒီလောက် ရေတွေ ဆွတ်သွား တာတောင် အချိန်ပိဿာ ၁ဝ ကနေ ၁၁ ပိဿာကျော် ရမှာကို ကိုးပိဿာ နဲ့ ၇၅ ကျပ်သား ဆိုပြီး ကတ္တားခိုး လိုက်တာလေ၊ မောင်မင်း ကြီးသား ကျန်းမာပါစေ ချမ်းသာ ပါစေတော်'' တဲ့။

ထို့နောက် ကျွန်တော့် ဇနီးသည် အိမ်ပေါ် ပြန်တက် သွားပြီး လှမ်းအော် ပြောလိုက်သည်မှာ ''ဟောတော့ မနက်က ဝယ်လာတဲ့ ဝက်သား ကလဲ ဆီမထွက် ဘဲနဲ့ ရေချည်းပဲ ထွက်နေ သလား မသိဘူး ၊ အတုံးကလဲ ကျုံ့သွား လိုက်တာ ည၊ မနက်တော့ မလောက်ဘူး ထင်တယ် '' ဟု ပြော၍ မဆုံးခင် မိတ်ဆွေ အမျိုးသမီး ကလည်း ''ဟုတ်ပါ့ အစ်မရယ် မနေ့က ကျွန်မလဲ ကြက်သားလေး တစ်ထောင်ဖိုး ဝယ်ချက် ပါတယ်။ကျုံ့သွား လိုက်တာ ရေတွေ ဘယ်လောက် တောင် ထိုးထား သလဲ မသိပါဘူး။ အလေးကျတော့ လဲ ဘယ်တော့မှ မပြည့်ဘူး''။

ညနေစောင်း လျှင် ကျွန်တော့် သူငယ်ချင်း ဖြစ်သူနှင့် လမ်းလျှောက် ထွက်နေကျ။ လမ်းလျှောက်ရင်း ထွေရာ လေးပါး ပြောကြရာ သူငယ်ချင်း ဖြစ်သူက ''ငါကွာ ဒီနေ့မနက် စီးပွားရေး လုပ်ဖက် မိတ်ဆွေတစ်ဦး သွေးတက်ပြီး ရုတ်တရက် ဆုံးသွားလို့ မြို့ပေါ် သွားနေတာ တစ်နေကုန် သွားတာပဲ။ သူ့သမီး ကလဲ မိုက်ပါ့ကွာ ကလေး တစ်ယောက် အဖေ အိမ်ထောင်သည် နဲ့ လိုက်ပြေး တာတဲ့။ အဲဒီ သတင်းကြားပြီး ရှော့ခ် ဖြစ်သွားတာပဲ။ ဒါပေမဲ့ကွာ ဒီလူကလဲ အတော်ကို ပွေတာ၊ သွားလေရာ အိမ်ထောင်ကျ ပါစေရဲ့ လို့များ ကျိန်လာ သလား အောက်မေ့ ရတယ်။ ပျိုပျိုအိုအို မရှောင်ဘူးတဲ့။ ဒီကြားထဲ ပိုက်ဆံကလဲ ရှိတော့ KTV မှာလဲ သွားကဲ တာပဲတဲ့၊ သူ့သမီး လေးကတော့ ဘွဲ့ရပြီး သားပဲ ရိုးရိုးအေးအေး နေတတ်တဲ့ သူလို့ ပြောကြ တာပဲ။ ဒီလူကလဲ ငွေတွင်းများ ရှိသလား အောက်မေ့တယ်၊ အေးလေ ငွေက ဖျက်တာလား၊ လူက ပျက်တာလား တော့မသိဘူး''ဟု ၄င်း၏ မိတ်ဆွေ အကြောင်းကို ပြောကြရင်း ကျွန်တော်တို့ ထိုင်နေကျ ဆန်စက်ဝင်း ကြီး၏ အုတ်တံတိုင်းဘေး အုတ်ခုံပေါ်တွင် ခေတ္တ ထိုင်နေကြစဉ် ဘောလုံး ဆော့ကစား နေကြ ကလေးတစ်သိုက် ရောက်ရှိ လာလေတော့၏။

ထိုအထဲမှ အသက် ၁ဝ နှစ်အရွယ် ခန့်ရှိ ကလေးတစ်ဦး သည် ထို အုတ်တံတိုင်း ကို ဘောလုံးနှင့် ကန်လိုက် ပြန်ကန် ထွက်လာသော ဘောလုံးကို ခပ်သွက်သွက် ပြန်ကန်လိုက် နှင့် ဆော့ကစား နေရာ ထိုကလေး ၏ ဘောလုံး ကစားဟန် လေးမှာ အချိုးကျ၍ ကြည့်ကောင်း လှသော ကြောင့် ကျွန်တော်တို့ လည်း ငေးကြည့် နေမိ၏။ ထိုကလေးသည် အုတ် တံတိုင်းကို ဘောလုံးနှင့် ကန်လိုက် အုတ်တံတိုင်း နှင့်ထိ၍ ဘောလုံးက ပြန်ကန် ထွက်လာလိုက် နှင့် ဖြူဖွေး နေသော အုတ်တံတိုင်း တွင်လည်း ဘောလုံးတွင် ကပ်ငြိ နေသော ဖုန်မှုန့် များကြောင့် အညစ်ကြေးများ စွန်းထင်း ပေကျံ နေလေတော့၏။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger